Tuesday, August 2, 2022

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

 

မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate)
ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိပ္ပံပညာရှင်တွေဟာ ဘာလို့ မိုးလေဝသ ကျတော့ မှန်အောင်မခန့်မှန်းနိုင်တာလဲဆိုပြီး မေးနိုင်ပါတယ် ။ မိုးလေဝသ (weather) နဲ့ ရာသီဥတု (Climate) နှစ်ခုဟာ မတူပါဘူး ။ မိုးလေဝသ ဟာ ခန့်မှန်းရခက်ပေမယ့် ရာသီဥတု ကတော့ ခန့်မှန်းလို့ရပါတယ် ။
မိုးလေဝသ (weather) ဆိုတာ ကျွန်တော်တို့ ကမ္ဘာ့လေထု ထဲမှာ လက်ရှိရှိနေတဲ့အခြေအနေ ဖြစ်ပါတယ် ။ သူဟာ လေထုရဲ့ အပူချိန် ၊ လေထု ရဲ့ စိုထိုင်းမှု ၊ တိမ်ထူထပ်မှု ၊ လေထုအနည်တွေ ၊ လေတိုက်နှုန်း ၊ လေထုဖိအား အစရှိတဲ့ အချက်ပေါင်းမြောက်များစွာပေါ်မူတည်ပါတယ် ။ အဲ့အချက်တွေထဲက မှ တစ်ချက်ကလေးမှာနည်းနည်းလေးအပြောင်းအလဲတစ်ခုရှိတာနဲ့ မိုးလေဝသ ဟာ ခန့်မှန်းလို့မရအောင် အကြီးအကျယ် ပြောင်းလဲသွားနိုင်ပါတယ် ။ “ကမ္ဘာကြီးရဲ့တောင်ဘက်မှာ လိပ်ပြာလေးအတောင်တစ်ချက်ခတ်ခြင်းက အစပြုတဲ့လေပွေမုန်တိုင်းများ’’ ဆိုတဲ့ လေးဖြူသီချင်းကို ကြားဖူးကြမှာပေါ့ ။ အဲ့တာကို Chaos Theory လို့ခေါ်ပါတယ် ။ အင်မတန်နက်နဲလှတဲ့ သင်္ချာပညာရပ်တစ်ရပ်ဖြစ်ပြီး မိုးလေဝသ ခန့်မှန်းတာမှာ အသုံးပြုရပါတယ် ။ ခုနကပြောသလိုပေါ့ ။ ထည့်သွင်းစဉ်းစားရတဲ့အချက်တွေထဲက နည်းနည်းလေးပြောင်းလိုက်ရင်ကိုပဲ မိုးလေဝသ ဟာ ခန့်မှန်းရအင်မတန်ခက်သွားပါပြီ ။ ဒါကြောင့် အများသောအားဖြင့် မိုးလေဝသ ပညာရှင်တွေဟာ ဆယ်ရက်စာဘာညာ ခန့်မှန်းတယ်ဆိုရင် ဖြစ်နိုင်ချေပမာဏနဲ့သာ တွက်ပြီးပြောရတာပါ ။ အတိအကျပြောလို့မရပါဘူး ။
ရာသီဥတု (Climate) ဆိုတာက ပတ်ဝန်းကျင်ကနေပြီး အချိန်ကာလကြာလာတာနဲ့အမျှဘယ်လိုပြောင်းလဲလာသလဲ ဆိုတာကို ခန့်မှန်းတာဖြစ်ပါတယ် ။ ရာသီဥတု ဟာ မိုးလေဝသ ကိုအချိန်အကြာကြီး လေ့လာကြည့်ယှဉ်ပြီးယေဘုယျ ပျှမ်းမျှ ကိုလေ့လာတဲ့သဘောပါ ။ သူ့မှာဆို ရာသီအပြောင်းအလဲတွေ ၊ အပူချိန်မြင့်လွန်းနိမ့်လွန်းတာတွေ ၊ တစ်နှစ်နဲ့တစ်နှစ်မှာ မိုးလေဝသ အခြေအနေတွေဘယ်လိုပြောင်းလဲလာလဲဆိုတာ တွေ ၊ ကမ္ဘာကြီးရဲ့ စွမ်းအင် ညီမျှမှု (energy balance) ကို ထိန်းချုပ်တာတွေ (ဥပမာ - နေရဲ့အပြောင်းအလဲတချို့ ၊ ကမ္ဘာ့ဝင်ရိုး ၊ ကမ္ဘာမှအပူစွမ်းအင် ကိုအာကာသထဲပြန်ကန်မှု ၊ လေထုထဲ ပါဝင်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ) တွေပါ ရှိပါတယ် ။ မိုးလေဝသ က အချိန်တိုအတွင်းမှာ လေထုထဲဘယ်လိုအပြောင်းအလဲရှိမလဲဆိုတာကို ခန့်မှန်းတာဖြစ်ပြီး ရာသီဥတု ကတော့ အချိန်ကာလအရှည်ကြီးတစ်ခုမှာ လေထုဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ခန့်မှန်းတာဖြစ်ပါတယ် ။ မိုးလေဝသ ဟာခန့်မှန်းရခက်ပေမယ့် အချိန်ကြာလာတဲ့အခါမှာ သူ့ရဲ့ ပုံစံ (pattern) ဟာပေါ်လာပါတယ် ။ ဥပမာဆိုရင် ကျွန်တော်တို့ ငယ်ငယ်ကထဲက နေအခုထိကို နွေရာသီဆို နှစ်စဉ်ပိုပိုပူလာနေကျပါ ။
ရာသီဥတု ဟာ ခန့်မှန်းချက် ဖြစ်ပြီး မိုးလေဝသ ဟာ ရရှိချက် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဥပမာဗျာ၊ ၂၀၄၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရှိမယ့် ရန်ကုန်မြို့ရဲ့အပူချိန်ကို ခန့်မှန်းမယ်ဆိုရင် ရာသီဥတုကိုအသုံးပြု ဖို့လိုအပ်လာပါပြီ ။ ၂၀၄၅ ခု၊ နိုဝင်ဘာ ၁၀ ရက်မှာ ရှိမယ့်ရန်ကုန်အပူချိန် (မိုးလေဝသ) ကိုသိချင်ရင် မနှစ်က ၂၀၁၄ နိုဝင်ဘာ၁၀ ရက်မှာရှိတဲ့အပူချိန် (မိုးလေဝသ) ကိုသိဖို့လိုပါတယ် ။ ဒီ့အပြင်လွန်ခဲ့သော နှစ်ပေါင်း၃၀ အတွင်း (၁၉၈၅ ကစပြီး) ၂၀၁၄ နိုဝင်ဘာ ၁၀ ရက်မှာ ရှိတဲ့အပူချိန်တွေအကုန်လုံး ကို စုပြီး ကြည့်ရပါမယ် ။ အဲဒီမိုးလေဝသ အချက်အလက်တွေကို စုစည်းတဲ့အခါမှာ ရလာတဲ့ Pattern ပါ်မူတည်ပြီး တွက်ချက်ထားတာဟာ ရာသီဥတု (Climate) ဖြစ်ပါတယ် ။ ဆိုပါတော့၊ နှစ်၃၀ အတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့ရဲ့ မိုးလေဝသ ဟာ ၃၀ ဒီဂရီ နဲ့ ၃၅ ဒီဂရီ ကြားပြေးနေသလား ? ဒါမှမဟုတ် ၃၀ ဒီဂရီ ကနေ ပြီး တဖြည်းဖြည်းမြင့်မြင့်တက်လာသလား? အဲဒီရရှိလာတဲ့အချက်ပေါ်မူတည်ပြီး တော့ နောက်လာမယ့် နိုဝင်ဘာ ၁၀ ရက်တွေရဲ့ မိုးလေဝသ ကိုခန့်မှန်းကြည့်လို့ရပါတယ်။ နိုဝင်ဘာ ၁၀ ရက်တစ်ခုချင်းရဲ့ မိုးလေဝသ ဟာမှားနိုင်ပေမယ့် သူ့ရဲ့ Pattern (အပူချိန်ဟာမြင့်လာနေသလား ၊ ငြိမ်နေသလား ၊ ပြောင်းလဲနေတယ်ဆိုရင်ဘယ်လောက် range အတွင်းမှာဖြစ်သလဲ) တွေကိုလေ့လာပြီး တော့ ရာသီဥတု (Climate) ကိုခန့်မှန်းနိုင်ပါတယ်။ အဲဒါကြောင့် မိုးလေဝသ တစ်ခုချင်းကိုခန့်မှန်းရခက်ပေမယ့် (အမှားများပေမယ့်) သူ့ရဲ့ Pattern ကိုကြည့်ပြီး ခန့်မှန်းရတဲ့ ရာသီဥတု ကတော့ ခန့်မှန်းလို့ရပါတယ် ။ ရာသီဥတု ဟာ သင်ဘာအင်္ကျ ီ ဝယ်ရမလဲဆိုတာကို ပြောပြပြီး မိုးလေဝသ ကတော့ သင်ဘာအင်္ကျ ီ ကိုဝတ်ရမလဲဆိုတာကို ပြောပြပါတယ် လို့ဆိုကြပါတယ်။
သစ်တောပြုန်းတီးခြင်း (Deforestation)
နောက်ထပ်ရာသီဥတု ပြောင်းလဲခြင်း ခေါ် Climate Change မှာ ပါဝင်တဲ့အရေးကြီးတဲ့ ဇာတ်ကောင် ကတော့ သစ်တောပြုန်းတီးခြင်းလို့ခေါ်တဲ့ Deforestation ပဲဖြစ်ပါတယ် ။ သစ်တောတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ Climate ကို ထိန်းသိမ်းပေးတဲ့နေရာမှာအင်မတန်အရေးပါကြောင်း အပေါ်က ကမ္ဘာကြီး၏အသက်ရှူသံ ဆိုတဲ့ ဆောင်းပါးမှာ ပြောခဲ့ပါတယ် ။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာရှိတဲ့ အမြဲစိမ်းသစ်တော တွေဟာ ကမ္ဘာ့ CO2 ပမာဏ ကိုထိန်းချုပ်ပေးကြောင်းဆိုခဲ့ပါတယ် ။ သစ်တောတွေဟာ လေထုထဲက CO2 ပမာဏ ကို သေချာထိန်းပေးနိုင်ပါတယ် ။ အဲဒီထိန်းပေးတဲ့ သစ်ပင်တွေဟာ ကျွန်တော်တို့ ဝယ်စရာတောင်မလိုပါဘူး ။ သဘာဝတရားမှာ အဆင်သင့်အတိုင်း ရှိနေပြီးသားပါ ။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ၊ ဒီသစ်ပင်တွေကိုလည်း ကျွန်တော်တို့ဟာ အထိန်းအကွပ်မရှိ ခုတ်ပစ်နေပါတယ် ။ ခုန က လေးပူရှိခဲ့တာကနေ အခု နောက်တစ်ပူ ထပ်ဆင့်လို့ ငါးပူ တိတိရှိနေပါပြီ ။ NASA ရဲ့ ခန့်မှန်းချက်တွေအရ လက်ရှိ နှုန်းအတိုင်းသာ ဆက်ခုတ်နေမယ်ဆိုရင် ကမ္ဘာပေါ်မှာ အမြဲစိမ်းတောတွေဟာ နောက် နှစ် ၁၀၀ အတွင်းမှာ အကုန်ပျောက်ကွယ်ကုန်တော့မယ်လို့ ဆိုပါတယ်။ အဲဒီမှာပိုဆိုးတာနောက်တစ်ခုရှိပါသေးတယ်။ အပင်တွေဟာ သေဆုံးရင် ကာဗွန် ကိုထပ်မံပြီးလေထုထဲလွှင့်ထုတ်ပါတယ် ။ နှစ်စဉ် သစ်တောပြုန်းတီးမှုကြောင့်လေထဲကိုထွက်လာတဲ့ CO2 ပမာဏ ဟာ တန်ပေါင်း ဘီလီယံနဲ့ချီပြီးရှိပါတယ် လို့ ၂၀၁၀ ခုနှစ်ကလုပ်ခဲ့တဲ့ စစ်တမ်းတွေက ဆိုပါတယ်။ ။ ငါးပူပေါ် နောက်တစ်ပူထပ်ဆင့်လို့ ခြောက်ပူတိတိဖြစ်လာပါပြီ ။ တစ်ခြားသောသစ်တောပြုန်းတီးမှု ကြောင့်ဖြစ်တဲ့အကျိုးရလဒ်တွေကတော့ ရေကြီးခြင်း ၊သစ်တောကိုမှီခို နေထိုင်သော မျိုးစိတ်များ သေကြေပျက်စီးခြင်း ၊ မြေတိုက်စားခြင်း ၊ ရေသံသရာ (water cycle) ကိုထိခိုက်ခြင်း တို့ပဲဖြစ်ပါတယ် ။ ဥပမာတစ်ခုအနေနဲ့ ရေကြီးတာနဲ့ သစ်တောပြုန်းတီးတာရဲ့ ဆက်စပ်မှု ကို ကြည့်ကြရအောင်လား ။
ရေကြီးတာရဲ့အဓိက အကြောင်းအရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ် ။သစ်တောတွေဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီး ရဲ့ Climate ကို ထိန်းသိမ်းပေးတဲ့နေရာမှာ အင်မတန် အရေးပါတဲ့ အရာတွေဖြစ်ပါတယ် ။
အရင်ဆုံးရေဘာလို့ကြီးတာလဲဆိုတာကိုကြည့်ရအောင် ။ ရိုးရှင်းလှပါတယ် ။ ဇလုံတစ်ခုလိုပဲ မြစ်တစ်ခုဟာ သူ သယ်ဆောင် နိုင်တဲ့ ရေပမာဏ ထက်ကိုကျော်လွန်သွားရင် ရေကြီး ပါတယ် ။ ရေရဲ့ အရင်းအမြစ်ခွဲ ကနေပြီး မြစ်ဆီလာတဲ့အရှိန်မြင့်လေ ရေကြီးတာဟာ လဲ ပိုမြင့်လေပါပဲ ။ သစ်တောတွေဟာ ရေကြီးတာကို ကာကွယ်ပေးတဲ့အဓိက အရာတွေ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။
(၁) အရွက်တွေဟာ မြေပြင်ပေါ်ကျရောက်သော မိုးရေ ပမာဏ ကို ထိန်းကွပ်ပေးပါတယ်။ အရွက်ပေါ်မှာတင်နေတဲ့ မိုးရေများဟာ အငွေ့ပျံပြီး လေထုသို့ ပြန်လည်တက်သွားပါတယ် ။
(Evapotranspiration) အရွက်တွေမရှိတော့တဲ့အခါ မြေပေါ်ကျတဲ့မိုးရေပမာဏ ဟာ များလာပြီး ရေမျက်နှာပြင်မြင့်တက်စေပါတယ်။ ပြီးတော့ အရွက်တွေဟာ မြေပြင်ပေါ်ကျရောက်တဲ့ မိုးရေ ရဲ့ အရှိန် နဲ့ပြင်းအား ကိုလျှော့ချပေးပါတယ်။ ညင်သာစွာကျရောက်တဲ့ မိုးရေက မြေတိုက်စားခြင်းကို အလွန်အကျွံမဖြစ်စေပါ ဘူူး ။
(၂) အမြစ်တွေဟာ မြေအောက်က ရေတွေကိုစုပ်ယူတဲ့အတွက် မြေကြီကို ခြောက်သွေ့စေပါတယ် ။ အစိုဓာတ်လွန်ကဲတဲ့မြေဟာ ပြိုပြီး တိုက်စားပြီး ကုန်းမျက်နှာပြင်ကို နိမ့်စေနိုင်ပါတယ် ။
(၃) တစ်ခုနဲ့ တစ်ခု ကပ်လျက်ရှိနေတဲ့ ပင်စည်တွေကတော့ တောင်ကျရေ သို့မဟုတ် အရှိန်နဲ့လာတဲ့ရေတွေကို အားပျော့ အောင်လုပ်ပေးပါတယ် ။ ဒါကြောင့် မြေတိုက်စားခြင်းကို ကာကွယ်ပေးသလိုဖြစ်နေပါတယ် ။
အောက်က ပုံနှစ်ပုံမှာ သစ်တောမပြုန်းခင်နဲ့ ပြုန်းတီးပြီးအခြေအနေနှစ်ခုကို နှိုင်းယှဉ်ပြထားပါတယ်။ မြေမျက်နှာပြင်နဲ့ ကုန်းမျက်နှာပြင် အမြင့်တွေကို သိရှိနိုင်ရန် ဘေးနားမှာ စကေး ထည့်ပေးထားပါတယ်။
သစ်တောပြုန်းတီးတာဟာ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ပြသနာပါ ။ ရေကြီးတာက သူ့ရဲ့နောက်ဆက်တွဲတွေထဲက တစ်ခုအပါအဝင်ပါ ။ တခြား ဆိုးကျိုးတွေအများကြီး ရှိပါသေးတယ်။ ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် Climate Change နဲ့ တင် ကျွန်တော်တို့ လူသားမျိုးနွယ် ဒီရာစု အကုန်ထိ ခံမခံ မသေချာပါဘူး ။ ခုတင်ဖြစ်နေတဲ့ လူတွေလုပ်တဲ့ သဘာဝဘေးတွေ က မျက်မြင် ကိုယ်တွေ့ ပါ ။ သဘာဝတရားကို ကျွန်တော်တို့ ဖျက်ဆီး ရင် ကျွန်တော်တို့ ပြန်ခံရမှာပါ ။ ခံရပြီးလို့ လူသားမျိုးနွယ် မျိုးတုန်းပြီး ရင် သဘာဝတရားဟာ ပုံမှန်ဆက်သွားနေမှာပါ ။ သဘာဝတရားဟာ ကျွန်တေ်ာတို့ မရှိလို့ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဟာ သဘာဝတရားမရှိလို့ မဖြစ်ပါဘူး ။
ဒီသေမင်းလက်ကလွတ်နိုင်ပါဦးမလား?
စာဖတ်သူအခုလောက်ဆိုရင် Climate Change ခေါ် ရာသီဥတု ပြောင်းလဲခြင်းရဲ့ အန္တရာယ်ကိုရိပ်မိလောက်ပြီလို့ယူဆပါတယ် ။ ဒီအချိန်မှာ ကျွန်တော်တို့ ဟာ လူသားသဘာဝ လွတ်မြောက်ရာလမ်းကို ရှာဖွေကြတော့မှာအမှန်ပါ ။ တခြားဂြိုဟ်ကိုပြောင်းရွှေ့နေထိုင်ကြမလား? အနီးဆုံးကြယ် Alpha Centauri တောင်မှ အလင်းနှစ် ၄.၂၂ (မိုင်ပေါင်း ၉၃ သန်း) ကွာဝေးပါတယ် ။ အလင်းအလျှင်နဲ့ သွားရင် ၄.၂၂ နှစ်ပေါင်းကြာပါလိမ့်မယ် ။ အဲဒီတော့ ဒါကိုတော့ မစဉ်းစားပါနဲ့ ။ Carl Sagan ပြောခဲ့သလိုပဲ ကမ္ဘာမြေကြီးဟာ ကျွန်တေ်ာတို့ အတွက်လက်ရှိအချိန်မှာ တစ်ခုတည်းသော အခြေချနေထိုင်စရာနေရာပါ ။ အဲ့ဒီတော့ ဒီကမ္ဘာဂြိုဟ်လေးကို ပဲ ကျွန်တော်တို့ အတွက် အဆင်ပြေအောင်ထားရမှာပါ ။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ ဟာ ရုပ်ကြွင်းလောင်စာတွေ (Fossil Fuels) အတွေအသုံးကိုလျှော့ချပြီး အစားထိုးစွမ်းအင် တစ်ခုခုရှာဖွေဖို့လိုပါတယ် ။ နေကလာတဲ့ တစ်နာရီ စာ စွမ်းအင် ပမာဏ ဟာ ကျွန်တော်တို့ တစ်ကမ္ဘာလုံး ကို တစ်နှစ်တိတိ သုံးလို့ရလောက်အောင်ကို လုံလောက်ပါတယ် ။ အပင်တွေမှာ သိုလှောင်ထားတဲ့ စွမ်းအင်တွေဟာ ကျွန်တော်တို့ လူသားအဖွဲ့အစည်း သမိုင်းတစ်ခုလုံး အသုံးပြုခဲ့တဲ့ စွမ်းအင်ထက်ခြောက်ဆ ပိုပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ထုတ်ယူနိုင်အောင်လို့ ကြိုးစာရပါ့မယ် ။ ဒါပေမဲ့ ခက်ခဲတာ က စီးပွားရေးအရ ကော ၊ နည်းပညာအရပါ ဒါတွေကို သေချာတွင်ကျယ်နိုင်အောင် လုပ်ဖို့ မလွယ်သေးပါဘူး ။ Global Level နဲ့ ပြောင်းလဲမှ ရမယ့် ကိစ္စ တွေပါ ။ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီး ရဲ့ စွန့်စားမှုတွေလိုအပ်ပါတယ် ။ ဒီနေ့ထိလဲ U.S. မှာ သိပ္ပံပညာရှင်တွေနဲ့စီးပွားရေးသမားတွေ ထိပ်တိုက် Climate Change အကြောင်းကို ငြင်းခုံနေကြတုန်းပါ ။ Climate Change ဆိုတာမရှိပါဘူးဆိုပြီး မျက်လုံးပိတ်ငြင်းတဲ့ Climate Deniers တွေတောင်ရှိပါတယ်ဆို စာဖတ်သူအံ့သြသွားမလား ? အဓိက ကတော့ ခုလက်ရှိ ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ စွမ်းအင်သုံးစနစ်ကို မထိခိုက်တဲ့ စွမ်းအင်သုံးစနစ် တစ်ခု အဖြစ်ပြောင်းလဲပစ်ဖို့လို ပါတယ် ။ အဲ့လိုလုပ်ဖို့ ကျွန်တော်တို့ လူသားတွေအကုန်လုံး ဟာ သတ္တိရှိဖို့ လိုပါတယ် ။ လုပ်ရဲဖို့လိုပါတယ် ။ (နောက် Issue တွေမှာ Renewable Energy တွေအကြောင်းနဲ့ အောင်မြင်မှုတွေ ၊ သမိုင်းတွေကို ကျွန်တော်ဆောင်းပါးရှည်တွေနဲ့ ထပ်ရေးပါဦးမယ်။) ခက်တာက ကျွန်တော်တို့ လူသားတွေကလည်း စီးပွားရေး စစ်ရေးတွေကို သာ အာရုံထားတာများနေကြပါတယ် ။ Climate Change ကို သိပ်ပြီး အရေးတကြီးယူတာ တွေ ဟာ လိုအပ်သလောက်မရှိဘူးဖြစ်နေပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့ထက် ကို အကုန်လုံးကို သတ်မယ့် အန္တရာယ်ကြီးတစ်ခုကို လက်တွဲ ရင်ဆိုင်ဖို့က ပိုအရေးကြီးပါတယ်။
အရမ်းကြီးမနောက်ကျသေးပါဘူး ။ တိုက်ခိုက်ဖို့တန်တဲ့ အနာဂတ် တစ်ခု ကျွန်တော်တို့ ကို စောင့်မျှော်နေပါသေးတယ် ။ ကျွန်တော်တို့ ဟာ ပြန်ပြင်လို့မရတဲ့ ၊ ခန့်မှန်းမရတဲ့ ရာသီဥတု အခြေအနေထဲကိုမကျရောက်သေးပါဘူး ။ ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ ရပ်တည်နေတာဟာ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့်ပါ ။ သူတို့ဟာ အသက်ရှင်ရပ်တည်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ဒီနေရာမှာရှိနေတာပါ ။ ကျွန်တော်တို့ Homo Sapiens မျိုးစိတ်ဟာ ပတ်ဝန်းကျင်နဲ့ ဆီလျော်အောင်အနေနိုင်ဆုံးသော မျိုးစိတ်တစ်ခုပါ ။ ကျွန်တော်တို့ ဘိုးဘေး တွေဟာ ရေရှည်အတွက်ကိုတွေးတော ပြီး ကျွန်တော်တို့ ဒီနေ့ အခြေအနေကို မျိုးစေ့ချပေးခဲ့ပါတယ် ။ ကျွန်တော်တို့ မျိုးစိတ်ဟာ အသက်ရှင်နေထိုင်ရေးအတွက် အခြေအနေဆိုးတွေကိုဖြတ်ကျော်ခဲ့ဖူးပါတယ် ။ ဒီသေမင်း Climate Change ဟာ ဘာမို့လို့ ကျွန်တော်တို့ မဖြတ်ကျော်နိုင်ရမှာလဲ? တကယ်ဆိုရင် (Dr. Tyson စကားနဲ့ပြောရမယ်ဆိုရင်) ဒဏ္ဍာရီ လို့တောင်ထင်ရ ကျွန်တော်တို့ ရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှုတွေ ဟာ အမှောင်မိုက်ဆုံးသော အခြေအနေတွေကနေပဲထွက်ပေါ်လာခဲ့တာပဲ မဟုတ်ဘူးလား?
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁,၀၀၀ ခန့် က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ ရဲ့ ဘိုးဘေးဘီဘင် တွေဟာ Climate Change တစ်ခုပေါ်မူတည်ပြီး အကျိုးရလဒ်တွေယူခဲ့ပါတယ် ။ Ice age (ရေခဲခေတ် - နောက်ဆုံးသော Glacial Period) ကနေပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာ သူတို့ ဟာ စိုက်ပျိုးရေး နည်းပညာ ကို တီထွင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ၊ သာမက သန်းပေါင်းများစွာအရိုးစွဲနေတဲ့ ၊ သူတို့ ဘိုးဘေးတွေလုပ်ဆောင်ခဲ့တဲ့ ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာ အမဲလိုက်ခြင်းတွေကို စွန့်လွှတ်ပြီး စနစ်တကျ အခြေတကျ နေထိုင်ပြီး စိုက်ပျိုးရေးလုပ်၊အစားအစာထုတ်လုပ်တဲ့ ဘဝကို စတင်ခဲ့ပါတယ် ။ ခြေသလုံးအိမ်တိုင် ယဉ်ကျေးမှု (Nomadic Culture) ကနေပြီးတော့ စိုက်ပျိုးရေး လုပ် ၊ အစားအစာထုတ်လုပ်တဲ့ ယဉ်ကျေးမှု ကို ပြောင်းလဲခဲ့တာ ဟာ Civilization မြောက်များစွာ ကို ဖြစ်ထွန်းစေခဲ့ရုံသာမက ကျွန်တော်တို့ ယခုခေတ် Civilization ကြီးရဲ့ အခြေခံအုတ်မြစ်ပါပဲ ။ ကျွန်တော်တို့ဟာ အဲလိုကြိုးစားပေးခဲ့တဲ့ ဘိုးဘွားတွေရဲ့ ပုခုံးပေါ်ရပ်တည်ပြီး နေထိုင်နေကြရတာပါ ။ အခု အချိန်မှာတော့ ကျွန်တော်တို့ ဟာ နောင်လာနောက်သားတွေအတွက် ပုခုံးချခင်းပေးရမယ့် အလှည့်ကိုရောက်ခဲ့ပါပြီ။
နိဂုံး
သဘာဝတရားကို ကျွန်တော်တို့လိုအပ်ပါတယ် ။ ကျွန်တော်တို့ ကို သဘာဝတရား က မလိုအပ်ပါဘူး ။ ကျွန်တော်တို့ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီးတစ်ချိန်ကျရင် သဘာဝတရား ဟာ ပြန်လည်ကောင်းမွန်လာမှာပါပဲ ။ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့ ယှဉ်ရင် ကျွန်တော်တို့ မျိုးနွယ်စုသက်တမ်းဟာ ဘာမှမပြောပလောက်ပါဘူး ။ ကမ္ဘာကြီးကို ကျွန်တေ်ာတို့ ဟာ ဖျက်ဆီးနေကြတယ်ဆိုတာ ကျွန်တေ်ာတို့ ကိုယ့်ဘာသာကိုယ် သတ်သေနေတာနဲ့ တူတူ ပါပဲ ။ ကမ္ဘာကြီးက အခု ခဏပျက်စီးသွားလိမ့်မယ် ။ ဒါပေမဲ့ တစ်ချိန်ကျရင် ပြန်ကောင်းမွန်သွားမှာပဲ ။ သတ္တဝါတွေထဲက နောက်ထပ်ကျွန်တော်တို့ နေရာကို ယူလာမယ့် ဉာဏ်ရည်မြင့် သတ္တဝါမျိုးစိတ်တစ်ခုက နေရာယူသွားလိမ့်မယ် ။ ကျွန်တော်တို့ ကိုတော့ သူတို့က ခုချိန်မှာ ကျွန်တော်တို့ ဒိုင်နိုဆောတွေကိုလေ့လာတဲ့ သဘောမျိုးနဲ့ လေ့လာကြမှာပေါ့ ။ ဒိုင်နိုဆောတွေဟာ သူတို့ပေါ်ကျရောက်တဲ့အန္တရာယ်ကို ကာကွယ်နိုင်စွမ်းမရှိပါဘူး ။ အဲ့ဒီ ဥက္ကာခဲကို ဒိုင်နိုဆော တွေ ဟာ သိတောင်မသိခဲ့ပါဘူး ။ ရှေးခေတ်က ပျက်သုဉ်းသွားပီဖြစ်တဲ့ Civilization ကလူတွေကလည်း သူတို့ ဘာဖြစ်မှန်းတောင်သိခဲ့တာမဟုတ်ပါဘူး ။ အဲ့ဒါကြောင့်ပျက်သုဉ်းရတာပါ ။ ကျွန်တော်တို့ ရဲ့ Excuse ကဘာများပါလိမ့် ? ပြသနာကိုလည်း သိတယ်၊ ဖြေရှင်းရမယ့် နည်းလမ်းကိုလဲ သိလျက်နဲ့ မလုပ်ကြဘူးဆိုရင် ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကို ဉာဏ်ရည်မြင့် သတ္တဝါမျိုးစိတ်လို့ခေါ်ထိုက်ပါ့မလား? ကျွန်တော်တို့ လူသားတွေရဲ့ အသိဉာဏ် ဟာ ကျွန်တော်တို့ ကို ကမ္ဘာရဲ့အင်အားအကြီးဆုံး သတ္တဝါတွေဖြစ်စေခဲ့တယ်ဆိုရင် ဒီအသိဉာဏ်နဲ့ ပဲ ကျရောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်ရမှာပါ ။ ကျားမ တစ်ကောင်ဟာ သူ့ခွန်အားကိုအသုံးပြုပြီး သူ့မျိုးစိတ်ပြန့်ပွားရေးအတွက်ကာကွယ်သလို မျိုး ကျွန်တေ်ာတို့ ဟာ လည်း အသိဉာဏ်ကိုအသုံးပြုပြီး ကျွန်တော်တို့ လူသားမျိုးနွယ်ဆက်လက်ပြန့်ပွားရေး ကို လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဟာ ဘိုးဘေးဘီဘင်တွေရဲ့ ကြိုးစားမှု တွေ ၊ အရဲစွန့်ခဲ့မှုတွေ ပေါ်မှာ ရပ်တည်ပြီး ဒီနေ့အခြေအနေကို ရောက်လာကြတာဖြစ်ပါတယ် ။ အခု နောက် မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ ပုခုံး ကို ချခင်း ပေးရမဲ့အလှည့်ကိုရောက်ခဲ့ပါပြီ ။ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ဘိုးဘေးတွေလို ရဲရင့်နိုင်ဦးမှာလား? ပုခုံးကိုချခင်းပေးရဲမှာလား ?? ဒါမှမဟုတ် ပဲ ဆက်လက်ပြီး တစ်ကိုယ်ရည်အတွက် အတ္တကြီးနေကြဦးမှာလား?

~ TZH
References:
• Matloff, Greg, C. Bangs, and Les Jhonson. Harvesting Space for a Greener Earth. 2nd ed. Springer, 2014. Print.
• MacFarlane, S., & Druyan, A. (2014, March 9). Cosmos: A Spacetime Odyssey [Documentry].
• Lynas, Mark. Six Degrees: Our Future on a Hotter Planet. Washington, D.C.: National Geographic, 2008. Print.
• Klein, Naomi. This Changes Everything: Capitalism vs. the Climate. Print.
• Sagan, Carl. Cosmos. New York: Random House, 1980. Print.
#Credit
https://www.bot.or.th/Thai/PublishingImages/share/climate_change.jpghttps://bmkltsly13vb.compat.objectstorage.ap-mumbai-1.oraclecloud.com/cdn.ft.lk/assets/uploads/image_e60f5e79fc.jpg

Sunday, July 31, 2022

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 1) အတိတ်ကိုလည်ပြန်ကြည့်ခြင်း

 

လူ့အဖွဲ့အစည်း တစ်ခုဟာ အသက်ဘယ်လောက်ရှည်ရှည်များနေနိုင်ပါ့မလဲ လို့ ဆိုရိုးရှိပါတယ် ။ မည်သည့်အရာမှ မတည်မြဲပါ ။ ဒါပေမဲ့ တကယ်မေးရမယ့် မေးခွန်းဟာ မတည်မြဲခြင်း တရား ထဲမှာ ကျွန်တော်တို့ ဘယ်လောက်ကြာကြာတည်မြဲအောင်နေနိုင်ကြပါ့မလဲ?

ဟိုးရှေးရှေးတုန်းကပေါ့ .. အင်မတန်ကြီးကျယ်ခမ်းနားပြီး ဘုန်းတန်ခိုးကြီးမားခဲ့တဲ့ အာခက်ဒီယန် အင်ပါယာ (Akkadian Empire) ကြီး ရှိခဲ့တယ် ။ အန်ဟက်ဒူအားနား (Enheduanna) ဆိုတဲ့ လူသားသမိုင်းရဲ့ ပထမဆုံး ဂန္တဝင်စာရေးဆရာတွေထဲမှာတစ်ယောက်ပါ တဲ့ မင်းသမီး ရဲ့ တိုင်းပြည်ပေါ့ ။ ယနေ့ အချိန်မှာတော့ အဲဒီ အင်ပါယာ ကြီး ဟာ မြေကြီး ပေါ်မှာ ပြိုပျက်ပြီး ဖုန်မှုန့်တွေအလိမ်းလိမ်းတက်နေတဲ့ မြို့ပြတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတော့တယ် ။ ဘာများဖြစ်သွားပါလိမ့် ? သက်ဦးဆံပိုင် ဘုရင်ကြီးတွေ ၊ ဘုရင်မတွေ ၊ ဘုန်းတန်ခိုးကြီးတဲ့ စစ်သူကြီးတွေ အားလုံးက ဒူးထောက် အရှုံးပေးရလောက် အောင် ကို ကြောက်ဖို့ကောင်းခဲ့တဲ့ သေမင်းက ဘာများပါလိမ့် ?
ပထမ ပြသနာကတော့ Mesopotamia နိုင်ငံ တွေအကြား တစ်ခုနဲ့ တစ်ခု အသေအကြေတိုက်ခိုက်တဲ့ တိုက်ပွဲတွေ၊ ဘုန်းတန်ခိုးကြီး ပြီး သေမင်း ဖြစ်ချင်ကြတဲ့ ဘုရင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်ပေါ့ ။ စစ်ပွဲတွေရဲ့ အရှင်သခင်ဖြစ်အောင် အဓိက ထားလုပ်ဆောင်ခဲ့ကြရတာ ကနေ ပြီး တော့ မသိလိုက်မိပါလျက် စစ်ပွဲတွေရဲ့ ကျေးကျွန် ဖြစ်သွားကြတဲ့ ဘဝကိုရောက်ခဲ့ကြတာပေါ့ ။ ဒါပေမယ့် ဒီထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ သေမင်း နောက်တစ်ပါး လဲရှိသေးတယ် ဗျ ။
အဲဒီသေမင်း ကို ဘာက ဆင့်ခေါ်ခဲ့သလဲဆိုတော့ သူတို့ ရဲ့ နည်းပညာ ကနေပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှန်းမသိခဲ့တဲ့ အကျိုးရလဒ်တွေပဲ ။ သူတို့ရဲ့ လယ်ကွင်းတွေကို နှစ်စဉ်သွင်းတဲ့ရေဟာ အချိန်ကြာလာတဲ့အခါမှာ အငွေ့ပျုံပြီး တော့ သူတို့ထဲက ဆားတွေ ကိုသာ မြေကြီးထဲချန်ခဲ့ပါတယ် ။ ပတ်ဝန်းကျင်ကို သေချာနားမလည်ဘဲ လုပ်ခဲ့တဲ့ သူတို့ရဲ့ ရေသွင်းစိုက်ပျိုးရေး နည်းပညာ ရဲ့အကျိုးဆက်ကတော့ နှစ်ပေါင်းကြာလာတဲ့အခါမှာ ဆားတွေဟာ တဖြေးဖြေးများလာပြီး စိုက်ပျိုးသီးနှံတွေကို အထွက်နှုန်းကို ထိခိုက်လာပါတယ် ။ ဘီစီ၂၂၀၀ ခန့်မှာတော့ လုံးဝ အခြေအနေဟာ ပြုပြင်မရအောင်ဆိုးသွားခဲ့ပါပြီ ။ သဘာဝဘေးတွေခံရတယ် ။ အဆိုးဆုံး က ဆယ်စုနှစ်နဲ့ ချီပြီး မိုးခေါင်ရေရှားဖြစ်တယ် ။ စိုက်ပျိုးသီးနှံတွေမရှိတော့ ဘူး ။ ရောဂါကပ်ဆိုးတွေ ကျတယ် ။ အငတ်ဘေးဆိုက်တယ် ။ စစ်ပွဲတွေဖြစ်တယ် ။ တစ်ချိန်က သာယာစိုပြေ ဝပြောခဲ့တဲ့ မြို့ပြကြီးတွေရဲ့ လမ်းတွေဟာ သွေးတွေချင်းချင်း ရဲလို့ ။ လူသေအလောင်းတွေနဲ့ ပုံလို့ ပေါ့ ။
ဟုတ်ပြီ ဒါဆိုရင် ၊ ထားပါတေ့ာ ။ ဘာနည်းပညာမှမသိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် လေးငါးထောင် လောက်က အင်ပါယာ တစ်ခု ပြိုကျတာကို မင်းကဘာလို့ လာပြောနေတာလဲဆိုပြီးမေးနိုင်ပါတယ် ။ အင်ပါယာတစ်ခု ၊ လူ့အဖွဲ့အစည်း တစ်ခုတင်ပြိုကျခဲ့တာမဟုတ်ပါဘူး ။ မြေထဲပင်လယ်တဝိုက်ကအဖွဲ့အစည်း (Civilization) တွေ၊ အင်ပါယာတွေ ၊အီဂျစ်၊ ဂရိ ၊ တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အရှေ့အာရှတစ်ဝိုက် အစရှိတဲ့ နေရာတွေက Civilization တွေ ၊ အင်မတန်ဘုန်းတန်ခိုးကြီးလှ တဲ့ Mayan Civilization ၊ Indus Valley Civilization အစရှိတဲ့ သမိုင်းမှာအထင်ကရ လူ့အဖွဲ့အစည်း အင်ပါယာတွေ ၊အကုန်လုံးဟာ ဒီသေမင်းတမန် ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှု အောက်မှာ လည်စင်းပေးခဲ့ရပါတယ် ။ အဲဒီခေတ်ကလူတွေမှာ ဘာလို့ ဒီပျက်စီးး မှုတွေဖြစ် ကုန်ရတာလဲဆိုတဲ့မေးခွန်းအတွက် နတ်ဘုရားတွေဒေါသကြီးလို့အပြစ်ဒဏ်ခတ်တာ ဆိုတဲ့ အဖြေတစ်ခုကလွဲရင်တခြားအဖြေမရှိခဲ့ပါဘူး ။ အဲဒီ လူ့အဖွဲ့အစည်း ကလူတွေဟာ အင်မတန်တော်ပြီးထက်မြက်လှပေမယ့် ဒီပြသနာ ၊ ဒီသေမင်း ဟာ ဘယ်သူလဲဆိုတာကိုမသိခဲ့ပါဘူး ။ အဲဒီသေမင်းကတော့ ရာသီဥတု ပြောင်းလဲခြင်း (Climate Change) ဆိုတဲ့ အင်မတန်ရက်စက်တဲ့ သေမင်း ပဲဖြစ်ပါတယ်။
ယနေ့ ခေတ်မှာ ကျွန်တော်တို့ ဟာ တစ်ကမ္ဘာလုံး ပေါင်းဖွဲ့ပြီး လူ့အဖွဲအစည်းတစ်ခု (Global Civilization) တစ်ခု အဖြစ်နဲ့ ရပ်တည်နေထိုင်ကြပါတယ် ။ ဒီ လူ့အဖွဲ့အစည်းကတော့ ဘယ်လောက်ခံမှာလဲ ။ တကယ်လို့ နောက်ထပ်တစ်ခါ အဲ့ဒီ သေမင်း ပြန်လာခဲ့လို့ရှိရင်ကော ? လက်ရှိ တိုင်းတာချက်တွေ ၊ လေ့လာချက်တွေအရ ရှေးခေတ် လူသားတွေကို အပြတ်ဖြုတ်ခဲ့တဲ့ သေမင်း ဟာ သူ့ရဲ့ လက်တံ တွေကို တစ်ဖန် ပြန်လည်ဆန့်လာပါပြီ ။ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေဟာ ထို သေမင်း တမန် ကို တဖန်ပြန်လည် ဆင့်ခေါ်လိုက်ပါပြီ ။ ကျွန်တော်တို့လူသားတွေဟာ ဉာဏ်ရှိပါတယ် ။ ဦးနှောက်ကောင်းပါတယ် ။ ပတ်ဝန်းကျင် နဲ့ အဆီလျော်ဆုံး ဖြစ်အောင် နေနိုင်တဲ့ သူတွေပါ ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တစ်ဖန်ပြန်လည် နိုးထလာတဲ့ သေမင်းတမန် နတ်ဆိုး ကို အောင်မြင်စွာတိုက်ခိုက်နိုင်ကြပါ့မလား ?
ကမ္ဘာကြီး၏ အသက်ရှုသံ
အသက်ရှင်နေထိုင်ရေးအတွက် ကျွန်တော်တို့ အတွက်ပထမဆုံးအရေးကြီးဆုံးဟာအောက်ဆီဂျင်ဖြစ်ပါတယ် ။ အချစ်မဟုတ်ပါဘူး ။ အောက်ဆီဂျင်မရှိရင် တန်းသေမှာပါ ။ (ရည်းစားကိုတော့အဲ့လိုသွားမပြောနဲ့ပေါ့နော်) ကျွန်တော်တို့ လူသားတွေဟာ အသက်ရှူတဲ့အခါမှာ လေထုထဲက အောက်ဆီဂျင်(O2) ကိုရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ပြန်လည်ရှူထုတ်ပါတယ် ။ အပင်တွေဟာ ကျွန်တော်တို့ နဲ့ ဗြောင်းဗြန် CO2 ကိုရှူသွင်းပြီး O2 ကိုစွန့်ပစ်ပစ္စည်းအဖြစ် ပြန်လည်ရှူထုတ်ပါတယ် ။ အဲဒီအတိုင်းပဲ အသက်ရှိနေတဲ့အလား လှပလွန်းတဲ့ ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာလည်း အသက်ရှုပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့လို စက္ကန့်တိုင်း ရှူတာမျိုးတော့မဟုတ်ပါဘူး ။ သူ့ရဲ့ အသက်ရှုသံဟာ အင်မတန် ဖြည်းညှင်းလွန်းပါတယ် ။ ဘယ်လောက်တောင် ဖြည်းညှင်းလွန်းလဲဆိုရင်တစ်နှစ်မှ တစ်ခေါက်သာ သူဟာ အသက်ရှူပါတယ်။ ကမ္ဘာကြီးရဲ့ မြောက်ဘက်ခြမ်းဟာ သစ်တောတွေအများဆုံး စုစည်း နေတဲ့နေရာဖြစ်ပါတယ် ။ နွေဦးကာလ ရောက်တဲ့အခါမှာ သစ်ပင်တွေဟာ လေထုထဲက CO2 ကိုစုပ်ယူစားသုံးပြီး စိမ်းစိုလာကြပါတယ် ။ အဲ့ဒီအခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိတဲ့ CO2 ပမာဏ ဟာ လျော့ကျသွားပါတယ်။ ဆောင်းဦးပေါက် တဲ့အခါကျတော့ အပင်တွေကအရွက်တွေကြွေကျပြီး CO2 ကို လေထုထဲပြန်လွှတ်ပါတယ် ။ အဲ့ဒီအခါမှာ လေထုထဲက CO2 ပမာဏ ဟာ ပြန်လည်မြင့်တက်လာပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာလဲ ဒီအတိုင်းပါပဲ (နှစ်တစ်နှစ်ရဲ့ ဆန့်ကျင်ဘက်အချိန်မှာဖြစ်ပါတယ် - ကမ္ဘာ့တောင်ဘက်ခြမ်းကနွေဆို မြောက်ဘက်က ဆောင်း ဖြစ်တာကိုး) ။ ဒါပေမဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းဟာ သမုဒ္ဒရာတွေသာ အများအားဖြင့်ရှိတဲ့အတွက် CO2 ပမာဏ ကို ထိန်းသိမ်းရာမှာ သိပ်ပြီးမသိသာလှပါဘူး ။ အဲဒီတော့ လေထုထဲမှာရှိတဲ့ နှစ်စဉ် CO2 ပမာဏ ကို အဓိက ထိန်းချုပ်တာဟာ မြောက်ဘက်ခြမ်းကသစ်တောတွေလို့ဆိုလို့ရပါတယ်။ ဒီလိုနှစ်စဉ် CO2 ပမာဏ ကို ကမ္ဘာမြေကြီး ဟာ ဒီနည်းနဲ့ ထိန်းချုပ်ပါတယ် ။ အဲလို ကမ္ဘာမြေကြီးဟာ အသက်ရှူလာခဲ့တာ နှစ်သန်းပေါင်းများစွာကြာလာခဲ့ပြီဖြစ်ပေမဲ့ ၁၉၅၈ ခုနှစ်မှာမှ Charles Keeling က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သူဟာ ကမ္ဘာ့လေထုထဲမှာ ရှိတဲ့ CO2 ပမာဏ ကို တိုင်းတာဖို့ နည်းလမ်းကို သေချာတီထွင်ခဲ့ပါတယ် ။ သူတွေ့ရှိခဲ့တာဒါပဲတင်လားဆိုတော့မဟုတ်ပါ ။ အဲဒီထက်ပိုပြီး အင်မတန်ကြောက်ဖို့ကောင်းတဲ့တွေ့ရှိချက်တစ်ခုကို သူတွေ့ခဲ့ပါသေးတယ် ။ အဲဒါကတော့ လူသားသမိုင်းမှာ တစ်ခါမှမရှိဖူးသေးတဲ့ နှုန်းနဲ့ CO2 ပမာဏ ဟာ တဟုန်ထိုး တိုးများလာတာပါ ။ ကျွန်တော်တို့လူသားသမိုင်းမှာတင်မဟုတ်ပါဘူး ။ ကမ္ဘာကြီး ကိုယ်တိုင်ကပင်လျှင် ဒီလောက်ဆိုးဝါးတဲ့ CO2 တိုးနှုန်းကို မမြင်ဖူးခဲ့တာ နှစ်ပေါင်း ၃သန်း ခန့်ရှိခဲ့ပါပြီ ။ မေးနိုင်ပါတယ်၊ ၁၉၅၈ ကမှစပြီး တိုင်းတာဖို့နည်းလမ်းစရှိလာတာ လွန်ခဲ့တဲ့ နှစ်သုံးသန်းက ဟာဘယ်လိုလုပ်သိလဲဆိုပြီးတော့ ။ သက်သေအထောက်အထားတွေကို ရေထဲမှာ ကျွန်တော်တို့ဖတ်လို့ရပါတယ်။ Greenland နဲ့ Antartica တို့မှာရှိတဲ့ ရေခဲပြင်တွေဟာ တစ်နှစ်ကိုတစ်ထပ်စီနဲ့ ပုံမှန် ဒိုင်ယာရီစာအုပ်တစ်အုပ်လို့ အစီအစဉ်တစ်ကျဖြစ်နေပါတယ် ။ အဲဒီရေခဲပြင်တွေထဲမှာ ရှေးခေတ်ရဲ့ လေထုဟာ ခိုအောင်းနေတတ်ပါတယ်။ အဲ့တာကိုတူးထုတ်ပြီးတော့ သေချာစူးစမ်းလေ့လာကြည့်တဲ့အခါမှာ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုလှန်ဖတ်သလိုပဲ ရှေးနှစ်ပေါင်းများစွာက လေထုအကြောင်းကိုလေ့လာလို့ရပါတယ် ။ အောက် က ပုံ-၂ မှာ ကြည့်ရင် အေဒီ ၁၀၀၀ ကနေ ၁၈၂၀ ခန့်ထိကို လေထုထဲမှာရှိတဲ့ CO2 ပမာဏ ဟာ တည်ငြိမ်နေတာတွေ့ရပြီး ၁၈၅၀ ကျော်မှာ တဟုန်ထိုး တိုးတက်လာတာ ကိုတွေ့ရမှာဖြစ်ပါတယ် ။ ၁၉၀၀ ကျော်နဲ့ ၂၀၀၀ ကြားမှာတော့ ပိုတောင် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး ခု ၂၀၀၀ ကျော်မှာလဲ ဒီထက် ပိုကြောက်ဖို့ကောင်းတဲ့နှုန်းနဲ့တိုးလာနေတုန်းပဲဖြစ်ပါတယ် ။ (မှတ်ချက် - Parts per million ဆိုသည်မှ တစ်သန်းပုံ တွင် တစ်ပုံဟု ပြောခြင်းဖြစ်သည် ။ ၃၀၀ Parts per million ဆိုလျှင် ကမ္ဘာ့လေထု အပုံတစ်သန်းတွင် CO2 အပုံ ၃၀၀ ပါဝင်သည်ဟုဆိုလိုချင်းဖြစ်ပါသည်။ )
ဖန်လုံအိမ်ဓာတ်ငွေ့များ နှင့် ဖန်လုံအိမ် အာနိသင် ( Greenhouse Gases and Greenhouse Effect)
တစ်ခုရှိတယ်ဗျ ။ CO2 ကဘာများဖြစ်နေလို့ ကျွန်တော်ကအဲလောက်အရေးတကြီးပြောနေပါလဲလို့ စာဖတ်သူ မေးနိုင်ပါတယ် ။ နံပါတ်ကြည့်လိုက်ရင်လဲသိပ်ကြီး မထူးပါဘူး ။ အပုံတစ်သန်းမှာမှ အပုံ ၃၀၀ ကနေ ၄၀၀ လောက်ထိပါတာများ ဘာတွေအရေးတကြီးလုပ်နေလဲဆိုပြီးမေးနိုင်ပါတယ်။ ဘာလို့ CO2 ဟာ အရေးကြီးသလဲ ဆိုတာ ကို ကျွန်တော်ပြောပြပါ့မယ် ။ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ရယ် ၊ မီသိန်း (CH4) ရယ် နိုက်ထရပ်စ်အောက်ဆိုဒ် (N2O) ရယ် ကို ဖန်လုံအိမ် ဓာတ်ငွေ့များ (Greenhouse Gases) လို့ခေါ်ပါတယ် ။ ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းသိမ်းပေးဖို့အတွက် အဓိက ကျလှတဲ့ ဓာတ်ငွေ့တွေဖြစ်လို့ပါ။
ဒီဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ လုံးဝမရှိလို့လည်းမဖြစ်ပြန်ဘူးဗျ ။ သူတို့ ဟာ မှန်ကန်လုံလောက်တဲ့ ပမာဏ တစ်ခုတော့ရှိနေဖို့ လိုအပ်တယ် ။ ကမ္ဘာမြေကြီးပေါ် ကို စက္ကန့်မလပ် နေရဲ့ အလင်းတန်းတွေဟာ ကျရောက်နေပါတယ် ။ ကျရောက်တဲ့အလင်းတန်း အချို့ကိုကမ္ဘာမြေကြီးက စုပ်ယူပါတယ် ။ ဒါပေမဲ့ အလင်းတန်း (အလင်းစွမ်းအင် ၊ အပူစွမ်းအင်၊ thermal infrared radiation ) တော်တော်များများကိုတော့ အာကာသ ထဲကိုပြန်ပြီး တန်ပြန် ထုတ်ပါတယ်။ အဲဒီတန်ပြန်တဲ့အလင်းတန်းတွေဟာ ကမ္ဘာ့လေထုအပေါ်လွှာကိုရောက်တဲ့အခါမှာ ကမ္ဘာကြီးကိုခြုံစောင်တစ်ခုသဖွယ် အုပ်ထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ တွေ့ပါတယ်။ အဲ့ဒီဓာတ်ငွေ့တွေဟာ အလင်းတန်းတွေကအပူအချို့ကို စုပ်ယူလိုက်ပြီး ကမ္ဘာမျက်နှာပြင်အရပ်မျက်နှာအဖက်ဖက်ကို ပြန်လည် ထုတ်လွှတ်ပေးးတဲ့အတွက် အချို့သာ အာကာသထဲလွတ်ထွက်ပါတော့တယ် ။ အဲဒီစုပ်ယူလိုက်တဲ့ အပူတွေကြောင့်သာ ကျွန်တော်တို့ ကမ္ဘာကြီးဟာ နွေးထွေးနေပြီး အသက် (life) ဆိုတာ ဖြစ်ထွန်းလာရတာဖြစ်ပါတယ်။ တကယ်လို့ လုံးဝ သာ ဖန်လုံအိမ်ဓာတ်ငွေ့တွေမရှိဘူးဆိုရင် ကမ္ဘာကြီးဟာ ရေခဲတုံးကြီး တစ်တုံးအဖြစ်သာ ရှိနေမှာဖြစ်ပြီး ပျမ်းမျှအပူချိန်ဟာ -၁၈ ဒီဂရီ Celsius ခန့်သာရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရှိဖို့ဆိုတာဝေးစွ ၊ သက်ရှိတွေတောင်တစ်ကောင်တစ်မြီးမှ ရှိဖို့ မသေချာပါဘူး။ အဲဒီလို ဖန်လုံအိမ်ဓာတ်ငွေ့(Greenhouse Gasses) တွေကနေ အပူကို စုပ်ယူထိန်းသိမ်းပေးတဲ့ ဖြစ်စဉ် ကို ဖန်လုံအိမ်အာနိသင် ( Greenhouse Effect) လို့ခေါ်ပါတယ် ။
ဟုတ်ပြီ ၊ ဖန်လုံအိမ်ဓာတ်ငွေ့အနည်းငယ်ကတော့ ကောင်းပါတယ် ။ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တအားများလာတဲ့အခါမှာ ကမ္ဘာကြီး ဟာ ပိုမိုပြီး ပူနွေးလာရပါတယ် ။ ခြုံတဲ့စောင် ပိုထူလာတဲ့အခါ ချွေးပိုပြန်လာသလိုပဲပေါ့ ။ ခုနကပြောသလိုမျိုးပဲ လေထုထဲမှာ CO2 ပမာဏ များပြားလာနေတော့ ပိုပိုပြီးဆိုးတာပေါ့ ။ အဲ့ဒီလိုပူနွေးလာခြင်းကို ကမ္ဘာကြီး ပူနွေးလာခြင်း (Global Warming) လို့ခေါ်ပြီးတော့ အဲ့ဒီ ကမ္ဘာကြီးပူနွေးလာခြင်းကြောင်း ရာသီဥတု အပေါ်သက်ရောက်ပြောင်းလဲလာခြင်း ကို ရာသီဥတု ပြောင်းလဲခြင်း (Climate Change) လို့ခေါ်ပါတယ်။ ယခင်တုန်းက Global Warming လို့ခေါ်ခဲ့ရာကမှ နောက်ပိုင်း ကိုပြီး ယေဘုယျကျတဲ့အခေါ်ဖြစ်တဲ့ Climate Change လို့ပြောင်းခေါ်ကြတာများပါတယ်။
အိုကေဗျာ ၊ ဟုတ်ပြီ ။ CO2 တွေတက်လာတယ်ပေါ့ ။ ဒါပေမဲ့ ဘာလို့များ လူတွေကြောင့်ဖြစ်တာလို့တပ်အပ်ပြောနိုင်ပါလိမ့် ။ ကျွန်တော်တို့ လုပ်တာမှ ဟုတ်ရဲ့လား ။ သူ့ဘာသာတခြားနေရာက CO2 တွေဝင်လာတာကောမဖြစ်နိုင်ဘူးလား?
ကမ္ဘာ့ကြီးပူနွေးလာမှု နှင့် လူသားများ
ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိတဲ့ မီးတောင်တွေကလည်း CO2 ကို ထုတ်လွှတ်တဲ့နေရာမှာ အင်မတန် အရေးပါလှပါတယ် ။ နှစ်တိုင်း နှစ်တိုင်း မှာ အစ်တလီနိုင်ငံ ၊ စစ်စလီ ကျွန်းမှာရှိတဲ့ Mount Etna က နေပြီး CO2 တန်ပေါင်း သန်းနဲ့ ချီပြီး လေထုထဲကိုထုတ်လွှတ်ပါတယ် ။ အဲဒီ Mount Etna အပါအဝင် အခြား မီးတောင်တွေအကုန်ပေါင်းလိုက်ရင် လေထုထဲကို ထုတ်လွှတ်နေတဲ့ CO2 ပမာဏ တန်ပေါင်း သန်း ၅၀၀ ကျော် ( ၅၀၀ ၀၀၀ ၀၀၀) ရှိပါတယ် ။ အဲလောက်ပမာဏ CO2 ကို နှစ်စဉ်နှစ်တိုင်း မီးတောင်တွေဟာ လေထုထဲကို ထိုးထည့်နေပါတယ်။ တော်တော်များတယ်လို့တေ့ာစာဖတ်သူထင်မိမှာပဲ ။ ဒါပေမဲ့ အဲ့ဒီ CO2 ပမာဏ ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း က နေပြီး လေအေးပေးစက်တွေ အစ စက်ရုံအလုပ်ရုံတွေအဆုံး မှာ အသုံးချတဲ့ ရေနံ ၊ သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး အစရှိတာတွေကြောင့်ထွက်တဲ့ CO2 ပမာဏ ရဲ့ ၂ ရာခိုင်နှုန်းတောင်မရှိပါဘူး ။ ကျွန်တော်တို့ ကနေပြီး နှစ်စဉ် ကမ္ဘာ့လေထု ထဲ ကို ထုတ်လွှတ်နေတဲ့ CO2 ပမာဏ ဟာ တန်ပေါင်း ၃၀ ဘီလီယံ ကျော် ( ၃၀ ၀၀၀ ၀၀၀ ၀၀၀ ) ရှိပါတယ် ။ မီးတောင်တွေကထွက်တဲ့ CO2 နဲ့ ကျွန်တော်တို့လူသားတွေ ရေနံ ၊ ကျောက်မီးသွေး အစရှိတာတွေအသုံးချပြီး ထွက်တဲ့ CO2 ကို ခွဲကြည့်လို့ရပါတယ် ။ မီးတောင်တွေကထွက်တဲ့ CO2 ဟာ အနည်းငယ် ပိုပြီး အလေးချိန် ပိုပါတယ် ။ Atomic Level မှာ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ သူတို့ နှစ်ခုရဲ့ကွာပြားမှု ကို သေသေချာချာ သိရှိနိုင်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှု ရဲ့ တရားခံဟာ ကျွန်တော်တို့ လူသားတွေဆိုတာဟာ လုံးဝ ကို သိသာထင်ရှားနေပါတယ် ။ ကျွန်တော်တို့ကပဲ ကံဆိုးတယ်ပြောရမလားပဲ ၊ ကျွန်တော်တို့လူသားတွေရဲ့ အဓိက စွန့်ပစ်ပစ္စည်း ဟာ တခြားဟာမဟုတ်ဘဲ နဲ့ ကမ္ဘာမြေကြီးရဲ့ အပူချိန်ကို တိုးမြင့်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့မှ လာဖြစ်နေရတာပါပဲ ။ ဒီထက်ပိုဆိုးတာက CO2 ဟာ သာမန် မျက်စိနဲ့မမြင်နိုင်တာပါ ။ တကယ်လို့များသာ မြင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဟာ ဒီကမ္ဘာကြီးပူနွေးလာမှု ကိစ္စကို ပိုမို အာရုံစိုက်လာပြီးတော့ ပိုမို လက်ခံလာကြမှာပါ ။
၁၈၈၀ ခုနှစ် များ တဝိုက် မှ အစပြုပြီး ကမ္ဘာတဝှမ်းက မိုးလေဝသ ဌာန များမှနေပြီးတော့ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်အပူချိန်ထက်များပြားနေတဲ့ သွေဖည် အပူအချိန်တွေကို စာရင်းပြုစုပြီးသေချာသိမ်းထားခဲ့ပါတယ် ။ အဲဒီ အချက်အလက်တွေကို NASA (National Aeronautics and Space Administration) ကယူပြီး ကမ္ဘာတဝှမ်းတိုးလာတဲ့ အပူချိန်ကို မြေပုံပေါ်မှာ ဖော်ပြခဲ့ပါတယ် ။ ခေတ်အဆက်ဆက်အလိုက်အပူချိန်တွေကို ယှဉ်ပြထားတဲ့ Video ကို ကြည့်ချင်တယ်ဆိုရင် (http://www.nasa.gov/topics/earth/features/2012-temps.html) ထိုလင့်ခ်ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ် ။ အောက်မှာ ကျွန်တော် ၁၈၈၀ ဝန်းကျင်တစ်ဝိုက် က အပူချိန်နဲ့ လက်ရှိ ခုနှစ်များကအပူချိန်ကို ယှဉ်ပြထားပါတယ်။ အဝါဆိုရင်အပူချိန်အသင့်အတင့် ၊ လိမ္မော်ဆို ပူတယ် ၊ အနီဆိုပိုလို့တောင်ပူသေးတာပေါ့ ။ (ပုံ-၇) ဒီနှုန်းအတိုင်းသာဆက်သွားမယ်ဆိုရင် ၂၀၅၀ လောက်ကျရင်ကော ? ကျွန်တော်တို့ သားမြေးတွေလက်ထက်ကျရင်ကော ? တော်တော်မလွယ်တဲ့ခရီး ကို ကျွန်တော်တို့ သားမြေးတွေဟာ ဆက်သွားရတော့မှာပါ ။ အင်မတန်ရက်စက်တဲ့အပူလှိုင်းတွေ ၊ မြင့်တက်လာတဲ့ ရေမျက်နှာပြင် ၊ မိုးခေါင်ရေရှားမှုတွေ ၊ မုန်တိုင်းတွေ ၊ ရေကြီးမှုတွေ ၊ မျိုးစိတ်တွေ ပျက်သုဉ်းမှုတွေ နဲ့ကြုံရပါတော့မယ် ။ ခုတောင် နေရာတော်တော်များများမှာ ကြုံနေရပါပြီ ။ ကျွန်တော်တို့ လူသားတွေရဲ့ ဂရုမစိုက်မှု ဟာ သေမင်း ကို တဖန် ပြန်လည်ဆင့်ခေါ်လိုက်ပါပြီ ။
Climate Change ခေါ် ရာသီဥတု ပြောင်းလဲခြင်းဟာ ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိခဲ့ပါတယ် ။ နေကလာတဲ့ စွမ်းအင် ပမာဏ ဟာလည်း ရာသီဥတု ပြောင်းလဲခြင်းကို ဖြစ်စေပါတယ် ။ ဒါပေမယ့်လက်ရှိအခြေအနေ မှာ အဆိုးဝါးဆုံးသော အကြောင်းအရာ ဟာ လောင်စာဆီတွေ ရှို့ရာကထွက်လာတဲ့ CO2 ထုတ်လွှတ်မှုကြောင့်ဖြစ်လာတဲ့ ကမ္ဘာကြီးပူနွေးမှု ပါပဲ ။ ခုနက ဖန်လုံအိမ် အာနိသင်မှာ ပြောခဲ့တဲ့အတိုင်းပဲ စုစည်းလာတဲ့အပူတွေ တဖြည်းဖြည်းများလာပါတယ် ။ အဲဒီအပူစွမ်းအင်တွေဟာ တစ်နေရာရာကိုတော့ သွားရပါမယ် ။ အချို့ဟာ လေထု ကို ပူလာစေပါတယ် ။အချို့ဟာ ပင်လယ်သမုဒ္ဒရာတွေကို ပူလာစေပါတယ် ။ တစ်ကမ္ဘာလုံးမှာ သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ မြင့်သထက် မြင့်လာနေပါတယ် ။
အာတိတ် သမုဒ္ဒရာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင် ကုန်းမြေတွေ ထဲမှာဆိုပိုတောင်သိသာပါတယ် ။ ပူနွေးလာတဲ့ သမုဒ္ဒရာတွေဟာ ရေခဲပြင်တွေကို အရည်ပျော်စေပါတယ် ။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်းမှာရှိတဲ့ ရေခဲပြင်တွေဟာ တဖြည်းဖြည်း အရည်ပျော်လာပါတယ် ။ အဲဒီမှာမေးစရာရှိပါတယ် ။ ဘာလို့ ဒီရေခဲတွေကိုအဲလောက်ဂရုစိုက်နေသလဲဆိုပြီး ။ ပျော်ပါစေပေါ့ ဘာဖြစ်တုန်း ။ ကျွန်တော်တို့ နဲ့ အဝေးကြီး ပဲဆိုပြီး ။
ရေခဲပြင်တွေဟာ ကမ္ဘာပေါ်မှာ အပြောင်လက်ဆုံး မျက်နှာပြင်တွေဖြစ်ပါတယ် ။ နေကလာတဲ့ စွမ်းအင်တွေကို ပြန် ပြီး အာကာသထဲ ရောင်ပြန်တဲ့အခါမှာ ရေခဲပြင်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ် ။ သမုဒ္ဒရာရေပြင်ဟာ ပြာနက်ပြီး အပူကို စုပ်ယူပါတယ် ။ သမုဒ္ဒရာရေပြင် တွေဟာ အပူကို စုပ်ယူတဲ့အတွက် ပိုမို ပူနွေးလာရပါတယ် ။ အဲ့ဒီစုပ်ယူခြင်းက ရေခဲတွေကို ပိုမိုအရည်ပျော်စေပါတယ်။ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်များပြားလာတဲ့အပူတွေကိုလဲ ရေမျက်နှာပြင်ကစုပ်ယူပြန်တယ် ။ ပိုပြီး ပူလာတဲ့ရေဟာ ပိုပြီးတော့ ရေခဲတွေကိုအရည်ပျော်စေပါတယ် ။ ရေခဲတွေအရည်ပျော်လေလေ ရေမျက်နှာပြင်မြင့်တက်ပူနွေးလာလေ ၊ နေကလာတဲ့အလင်းကို အာကာသထဲ ပြန်ထုတ်နိုင်စွမ်း ပိုမို လျော့လျော့လာလေ ပါ ။ ရေခဲတွေပျော်ကုန်တော့ ရေမျက်နှာပြင်က ပိုများလာကော ။ ပိုများလာတဲ့ ရေမျက်နှာပြင်ကအပူကို ပိုပြီး စုပ်ယူပြန်ရော ။ နဂိုထဲက မှ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူစွမ်းအင်တွေ ပြန်ထွက်မရဖြစ်နေတဲ့အထဲက (ဖန်လုံအိမ်အာနိသင် ကို ပြန်သတိရပါ) သူတို့ကို ပြန်လွှတ်ပေးမယ့် ရေခဲတွေပါ ပျော်ကျလာတော့ တစ်ပူပေါ် နှစ်ပူဆင့် သလိုဖြစ်တော့တာပေါ့ ။ အဲ့ကြားထဲ ပိုပြီး များပြားလာတဲ့ ရေမျက်နှာပြင်က ပါ အပူတွေထပ်စုပ်တော့ နှစ်ပူပေါ် သုံးပူ ဆင့် သလိုဖြစ်တော့တာပေါ့ ။ မှတ်ထားနော် အခု သုံးပူ ရှိသွားပြီ ။ ထပ်အပူတွေလာဦးမယ်ဗျ ။
Permafrost or cryotic soilဆိုတာ ဟာ ရေခဲအမှတ် (သုညဒီဂရီ စဲလ်စီးယပ်စ်) အောက် နှစ်ပေါင်းသန်းချီကြာအောင် ရောက်နေတဲ့ မြေဆီလွှာ အချို့ကိုခေါ်တဲ့နာမည်ဖြစ်ပါတယ် ။ (၂နှစ်ထက်ပိုပြီး သုည အောက်ရောက်ရင်ကို Permafrost လို့သတ်မှတ်ပါတယ်) အာတိတ် နဲ့ အန္တာတိက အပိုင်းတွေမှာ သူ့ကိုတွေ့ရပါတယ်။ သူဟာ ရှေးထဲက သစ်ပင်တွေရဲ့ အရွက်တွေ ၊ အမြစ်တွေ တိုတိုပြောရရင် Organic Matter တွေကို ရေခဲသေတ္တာတစ်လုံးက အသားငါးတွေကို ထိန်းသိမ်းပေးသလိုထိန်းသိမ်းပေးထားပါတယ် ။ ခုနက ကျွန်တော်ပြောခဲ့တဲ့အတိုင်း အာတိတ်သမုဒ္ဒရာ ဟာ ပိုပိုပြီး ပူလာတဲ့အတွက် Permafrost တွေဟာ တဖြေးဖြေးအရည်ပျော်လာကြပါတယ်။ အာတိတ်သမုဒ္ဒရာရဲ့ အစွန် Dew Point, Alaska မှာဆိုရင် ကမ်းခြေ တစ်လျှောက်က Permafrost တွေဟာ တစ်နှစ်ကို ပေငါးဆယ်နှုန်းနဲ့ ကို ပြိုကျပျက်စီးနေပါတယ် ။ Permafrost တွေ ပိုကျတဲ့အခါမှာ သူ့အထဲရှိတဲ့ Organic Matter တွေဟာလဲ တဖြည်းဖြည်းနဲ့ ကို ပုပ်ပွလာပါတယ် ။ (ရေခဲသေတ္တာ ကို ခလုတ်ပိတ်ပြီး ကြာကြာထားရင် အသားတွေမကောင်းတော့သလိုပဲပေါ့ ) အလက်စကာ ၊ ဆိုက်ဘေးရီးယား နိုင်ငံတို့ ရဲ့ မြောက်ဘက်စွန်းပိုင်းတွေမှာ Permafrost တွေများပါတယ်။ အဲဒီ အရည်ပျော်ကုန်တဲ့ Permafrost တွေဟာ သူ့ဘာသာ သူမနေပါဘူး ။ သူ့ထဲမှာပါတဲ့ Organic matter တွေပုပ်ပွကုန်တဲ့အတွက် CO2 နဲ့ Methane ကို ထုတ်လွှတ်ပေးပါတယ် ။ (နှစ်ကောင်လုံးက ဖန်လုံအိမ်ဓာတ်ငွေ့တွေချည်းပဲနော်။) ကမ္ဘာပေါ်မှာရှိတဲ့ Permafrost တွေအကုန်လုံးထဲမှာ ရှိတဲ့ ကာဗွန် ပမာဏ ဟာ လေထုထဲက CO2 ကို နှစ်ဆ ခန့်ပိုပြီးတက်သွားလောက်အောင် များပြားပါတယ် ။ အခုလို အရည်ပျော်နေတဲ့နှုန်းနဲ့ဆို အဲ့ဒီ CO2 တွေအကုန်ဟာ အခု ၂၁ ရာစု အကုန်မှာ တော်တေ်ာများများ ထွက်ပြီး လေထုထဲ ရောက်သွားဖို့များပါတယ် ။ ခုနက ပြောခဲ့တဲ့ သုံးပူ မှာ နောက်တစ်ပူ ထပ်ဆင့် ခုဆို လေးပူ တိတိရှိနေပါပြီ ။ ခုလောက် CO2ပမာဏနဲ့တောင်အခြေအနေအဲလောက်ဆိုးနေတာ Permafrost က CO2 တွေရောက်လာခဲ့ရင်ကော ? အဲဒီအခါကျလို့ရှိရင် တော့ ကျွန်တော်တို့ ရဲ့ ရာသီဥတု ဟာ ပြန်လည်ပြုပြင်လို့မရတော့တဲ့အခြေအနေထိကို ရောက်သွားနိုင်ပါတယ် ။ အဲ့လိုသာဖြစ်သွားခဲ့ရင် ၊ ဒီနှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် ဒီသေမင်းတမန် လမ်းမ မှာ ပြန်လှည့်ဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ပါဘူး ။ ကျွန်တော်တို့ ရဲ့ အင်မတန်သာယာလှပတဲ့ ကမ္ဘာမြေကြီးဟာ ငရဲ တစ်ခုအသွင်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ် ။ ခုတင်ပဲ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မကြံဖူးတဲ့ မုန်တိုင်းတွေ ၊ ရေကြီးတာတွေ ၊ အပူလှိုင်း တွေ အစရှိတာတွေကို မျက်မြင်ကြုံတွေ ကြားနေ ရပါပြီ ။ တစ်နှစ်ထက်တစ်နှစ်လဲ ပူလာတာကမှ မခံမရပ်နိုင်အောင်ပါပဲ ။ ကျွန်တော်ငယ်ငယ်ဆို အိမ်နောက်ဖေးမှာလာနေတဲ့ ဆင်လိပ်ပြာကြီးတွေ မြင်ရင်အရမ်းပျော်ပါတယ် ။ အခုဆို အဲ့ဒီ ဆင်လိပ်ပြာကြီးတွေဘယ်နေမှန်းတောင်မသိတော့ပါ ။ တောက်တဲ့ အော်သံတွေလဲသိပ်မကြားရတော့ပါ ။ နွေဦး ကာလ ရောက်လျင်ကို ဥသြ သံလေးတွေက အားမရှိတစ်ချက် ရှိတစ်ချက် ။ တခြား တီတီတာတာ တေးဆိုတဲ့ငှက်လေးတွေလဲ အကုန်အသံတိတ်ကုန်ပါပြီ ။ ကမ္ဘာမြေကြီး ရဲ့ လှပတဲ့သဘာဝတရားဟာ တဖြေးဖြေးပျောက်ကွယ်လာပြီး ကြောက်မက်ဖွယ် သင်္ချ ိုင်း ကုန်း ကြီး တစ်ခုသဖွယ် အသက်ကင်းမဲ့ လာပါပြီ ။ သဘာဝဘေးတွေကလဲ သဘာဝဘေး လို့ခေါ်ရမှာထက် လူလုပ်ဘေး လို့ခေါ်ရမယ့်သဘောဖြစ်နေပါပြီ ။ ငလျင်လိုမျိုး ဘာမှမထိန်းချုပ်နိုင်တဲ့ သဘာဝဘေး စစ်စစ်တွေထက်ကို ဒီ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်လာတဲ့ ဘေးတွေ က ပိုပြီး ကြောက်ဖို့ကောင်းနေတာကတော့ အမှန်ပါ ။ လေထု ကော ၊ ရေထု ကော ၊ ကုန်းမြေ တွေပါ အကုန်လုံးဟာ တဖြေးဖြေး ပိုပိုပြီး ပူနွေးလာနေပါပြီ ။ Climate Change ဆိုတဲ့ သေမင်း ဟာ ကျွန်တော်တို့ Civilization တစ်ခုလုံးရဲ့ လည်ပင်း ကို သူ့ရဲ့လက်တံတွေနဲ့ ရစ်ပတ် ထားလိုက်ပါပြီ ။
ဒုတိယပိုင်း ကို မကြာခင်တင်ပေးသွားပါမယ်။
~ TZH
References:
• Matloff, Greg, C. Bangs, and Les Jhonson. Harvesting Space for a Greener Earth. 2nd ed. Springer, 2014. Print.
• MacFarlane, S., & Druyan, A. (2014, March 9). Cosmos: A Spacetime Odyssey [Documentry].
• Lynas, Mark. Six Degrees: Our Future on a Hotter Planet. Washington, D.C.: National Geographic, 2008. Print.
• Klein, Naomi. This Changes Everything: Capitalism vs. the Climate. Print.
• Sagan, Carl. Cosmos. New York: Random House, 1980. Print.
 
https://www.noaa.gov/sites/default/files/styles/landscape_width_1275/public/2022-03/PHOTO-Climate-Collage-Diagonal-Design-NOAA-Communications-NO-NOAA-Logo.jpg 
 
 
https://www.itu.int/en/mediacentre/backgrounders/PublishingImages/climate-change-backgrounder.jpg 
 
https://www.asce.org/-/media/asce-images-and-files/publications-and-news/ce-magazine/images/2022/01-january/cep-feature-how-to-make-infrastructure-more-resilient-against-climate-change/37-code-red-all-four.jpg

Thursday, July 14, 2022

စကြ၀ဠာ ရဲ့ ပထမ ဆုံးသော ဂလက်ဆီ တွေကို ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ Webb's Telescope

    ယခုပုံ ဟာ အာကာသသိပ္ပံပညာရပ် အတွက် ခေတ်သစ် တစ်ခုကို စတင်ဖွင့်လှစ်လိုက်တဲ့ ပုံ တစ်ပုံ ဖြစ်ပါတယ်။ ဒီပုံမှာ ပါတဲ့ အလင်းစက်တွေ တစ်ခုချင်းစီ ဟာ ဂလက်ဆီ တစ်ခုစီ ဖြစ်ပါတယ်။ ဒီပုံကိုတော့ SMACS 0723 လို့ အမည်ပေးထားတဲ့ ကျွန်တော်တို့ ကောင်းကင်ကြီး ရဲ့ နေရာအကွက်လေး တစ်ခု မှာရှိတဲ့ ဂလက်ဆီအစုအဖွဲ့ တစ်ခုကို ဦးတည်ပြီး James Webb Telescope နဲ့ တရက်ခန့် ကြာအောင် ရိုက်ကူးရယူ ထားတာဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုပါက ယခုလိုပုံကို Hubble Telescope နဲ့ ရိုက်ယူပါက ရက်သတ္တပတ် အနည်းငယ် ကြာအောင် ရိုက်ယူရတာဖြစ်ပါတယ်။

    ကျွန်တော်တို့ သဲ တစ်မှုန် ကို လက်ထိပ်ပေါ်တင်ပြီး ကောင်းကင် ဖက်ကို ဦးတည်ပြီးကြည့်ရှုရင် မြင်ရတဲ့ အရွယ်အစား ခန့်သာ ရှိတဲ့ ကောင်းကင် က နေရာအကွက်သေးသေး လေး ကို ဦးတည်ပြီး ရိုက်ယူထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြင်ရတဲ့ ကောင်းကင်ကြီး ရဲ့ ရာခိုင်နှုန်းသေးသေး လေးထဲမှာ ယခုပုံထဲက အတိုင်း ဂလက်ဆီ များစွာပါဝင်နေတာကို မြင်တွေ့ရမှာပါ။
    ယခုပုံ ကိုရိုက်ယူရန်အတွက် SMACS 0723 ဂလက်ဆီ အစုအဖွဲ့ ကိုရွေးချယ်ရခြင်းအကြောင်း က တော့ အဆိုပါ နေရာအကွက်လေး မှာ ယခင် တယ်လီစကုတ်တွေ နဲ့ မြင်တွေ့ချက်အရ ကြီးမားပြီး ဒြပ်ထု များစွာပါဝင်တဲ့ ဂလက်ဆီ အစုအဖွဲ့တွေ တည်ရှိနေတာကြောင့်ပါ။ အဆိုပါ ဂလက်ဆီအစုအဖွဲ့ ရဲ့ ဒြပ်ထုကြောင့် အာကာသထဲမှာ ရှိတဲ့ ကြီးမားတဲ့ မှန်ဘီလူး ကဲ့သို့ ဆောင်ရွက်ပေးပြီး သူတို့ရဲ့ အနောက် အလင်းနှစ် ဘီလီယံ များစွာ မှာ တည်ရှိနေတဲ့ တခြားသော ဂလက်ဆီ တွေ က လာတဲ့ အလင်းရောင် ကို ဆချဲ့ကာ James Webb Telescope ကနေ ပိုမို ဖမ်းယူနိုင်စေတာကြောင့်ဖြစ်ပါတယ်။ ယခုပုံထဲ က ဂလက်ဆီ တွေ ဟာ ကျွန်တော်တို့ စကြ၀ဠာ ကြီး စတင်ဖြစ်ပေါ်လာပြီး နှစ်သန်း ပေါင်း ရာဂဏန်းအနည်းငယ် အကြာမှာ စတင်ဖြစ်ပေါ်လာတဲ့ ဂလက်ဆီ တွေဖြစ်တာကြောင့် ကျွန်တော်တို့ ဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဘီလီယံ ခန့် ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
    ဒီပုံ ဟာ ရိုက်ယူထားဖူးသမျှ Deep Field Photo ခေါ် အဝေးကြီး ကို ရိုက်ယူထားတဲ့ ပုံတွေ ထဲမှာ အဝေးဆုံး နဲ့ ပုံရိပ်အပြတ်သားဆုံး ကို ရိုက်ယူထားနိုင်တဲ့ပုံ ဖြစ်ပါတယ်။ နောက်ထပ် ပုံ ၄ ပုံ ကိုတော့ ယနေ့ ည ၉ နာရီ မှာ NASA မှ ထပ်မံ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
 
# Credit
~ MASES / MZM
Crd - NASA
 https://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/main_image_deep_field_smacs0723-1280.jpg?itok=6-LM40Qf

WASP-96 b ခေါ် ပထမဆုံး Webb's Telescope မှရရှိတဲ့ နေအဖွဲ့အစည်း ပြင်ပ ဂြိုဟ် တစ်လုံး

    WASP-96 b ကတော့ ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၁၁၂၀ ခန့်မှာ တည်ရှိပြီး ဓာတ်ငွေ့လုံးဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ ဒြပ်ထု အားဖြင့် ဂျူပီတာ ဂြိုဟ် ရဲ့ တစ်ဝက်ခန့် ရှိပြီး WASP-96 အမည်ရှိ သူ့ရဲ့ မိခင်ကြယ် ကို ၃.၅ ရက်မှာ တစ်ကြိမ် လှည့်ပတ်နေပါတယ်။ WASP-96 b ရဲ့ အပူချိန်ဟာ 1000 degrees F (537 degrees C) ရှိပြီး ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ ဂြိုဟ်တွေ ထက် ပိုမိုပူပြင်းပါတယ်။ ( WASP-96 b ကို Wide Angle Search for Planets(WASP) မြေပြင်အခြေစိုက် တယ်လီစကုတ်ကို အသုံးပြုပြီး ၂၀၁၃ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ယခု Webb's Telescope က နေထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေ အရ WASP-96 b ရဲ့ လေထု ထဲမှာ ရေမှုန်ရေမွှားတွေကို တွေ့ရှိရပါတယ်။ ဒါ့အပြင် မြူခိုးငွေ့တွေ နဲ့ တိမ်တွေ လဲ ရှိတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ကို တွေ့ရှိရပါတယ်။ ဒီအချက်အလက်တွေ ကိုတော့ Webb's Telescope ကနေ ရရှိတဲ့ WASP-96 b ရဲ့ ရောင်စဉ်တန်း ကို လေ့လာခြင်းအားဖြင့် သိရှိနိုင်တာဖြစ်ပါတယ်။

 https://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/main_image_exoplanet_wasp-1280.jpg?itok=DvieZo2t

 

A star is born or Carina Nebula

    Carina Nebula ဟာ ကြယ်တွေ မွေးဖွား ရာ နက်ဗျူလာ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာကနေ အလင်းနှစ် ၈၅၀၀ ခန့် အကွာအဝေးမှာ တည်ရှိပြီး ကျွန်တော်တို့ နဂါးငွေ့တန်း ဂလက်ဆီ ထဲမှာ အကြီးမားဆုံး အလင်းလက် ဆုံး သောကြယ်တွေ မွေးဖွားရာ နေရာဖြစ်ပါတယ်။ Trumpler 14 အမည်ပေးထားတဲ့ ကြယ်စုကတော့ ရှာဖွေတွေ့ရှိ ထားသမျှ ကြယ်စုတွေ ထဲမှာ သက်တမ်းအငယ်ဆုံး ထဲပါဝင်တဲ့ ကြယ်စု ဖြစ်ပါတယ် Trumpler 16 ကြယ်စုထဲ မှာ ပါဝင်တဲ့ WR 25 အမည်ရှိ ကြယ်ဟာ ကျွန်တော်တို့ နဂါးငွေ့တန်း ဂလက်ဆီ မှာ အလင်းလက်ဆုံးသော ကြယ်ဖြစ်ပါတယ်။ Webb's Telescope က ရရှိတဲ့ပုံအရ ယခင် က မမြင်ရတဲ့ ဖုန်မှုန့်တွေလဲ ဖုံးကွယ်နေတဲ့ ကြယ် ရာဂဏန်း ကို လဲ ထပ်မံတွေ့ရှိခဲ့ရပါတယ်။

    ဒါ့အပြင် Carina Nebula ထဲမှာပါဝင်တဲ့ Eta Carinae အမည်ရှိ ကြယ် ၂ လုံးပါ ကြယ် အဖွဲ့အစည်း ဟာ အလွန်ဒြပ်ထု များပြားတဲ့ ကြယ်တွေဖြစ်ပြီး နေ ထက် အဆ ၁၀၀ ခန့်ပိုမို ဒြပ်ထု များပါတယ်။။ ၂ လုံးပေါင်း လင်းလက်မှု (Luminosity) ဟာ ကျွန်တော်တို့ နေရဲ့ အဆ ပေါင်း ၅ သန်းထိ ရှိပါတယ်။ Eta Carinae ဟာ ၁၈၃၇ ခုနှစ် မှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ပြီး ကျွန်တော်တို့ ည ကောင်းကင်မှာ ဒုတိယ အလင်းလက်ဆုံး ကြယ် အဖြစ်မြင်တွေ့ခဲ့ရပါတယ်။ နက္ခတ္တဗေဒဆိုင်ရာ အချိန်တိုင်းတာမှု အရ နောက်မဝေး တော့တဲ့ အချိန်တစ်ခုမှာ Eta Carinae ထဲမှာပါဝင်တဲ့ ကြယ် ၂ လုံး ဟာ အချင်းချင်း လှည့်ပတ်နေရာ က နေ ၂ ခု တိုက်မိ မှာဖြစ်ပြီး ထိုအချိန် ကျရင် ကျွန်တော်တို့ ဟာ Eta Carinae ကို ည ကောင်းကင်မှာ လပြည့်နေ့ လ အလား မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

    Carina Nebula ဟာ ကျွန်တော်တို့ မြင်တွေ့နေကျ နက်ဗျူလာတစ်ခု ဖြစ်တဲ့ Orion Nebula ထက် ၅ ဆ ခန့် ပိုမိုဝေးကွာပေမယ့် အရွယ်အစားအားဖြင့် ၄ ဆခန့် ပိုမိုကြီးမားကာ ပိုမိုတောက်ပတာကြောင့် သူ့ကို မြင်ရတဲ့ ကမ္ဘာ့တောင်ဖက် ခြမ်းနိုင်ငံတွေ မှကြည့်ပါက Orion Nebula ထက် ပိုမို ထင်ရှားစွာ သာမန်မျက်စိ နဲ့ မြင်နိုင် မှာပါ။

 https://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/main_image_star-forming_region_carina_nircam_final-1280.jpg?itok=9hyNVMwe

Southern Ring Nebula or Eight Burst Nebula

    ဒီ နက်ဗျူလာ ကိုတော့ Southern Ring Nebula လို့ခေါ်ပါတယ်။ ကြယ် တစ်လုံး သေဆုံးရာကနေ ဖြစ်ပေါ်လာတဲ့ Planetary Nebula အမျိုးအစား နက်ဗျူလာ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ ကနေ အလင်းနှစ် ၂၀၀၀ ခန့်မှာ တည်ရှိပြီး အလင်းတောက်ပစွာ တည်ရှိတာကြောင့် လေ့လာမှုတွေ များစွာ ပြုလုပ်နေတဲ့ နက်ဗျူလာ တစ်ခု ဖြစ်ပါတယ်။ အရွယ်အစား အားဖြင့် အချင်း အလင်းနှစ် ထက်ဝက် ခန့်ရှိပြီး သေချာစွာ ကြည့်မယ်ဆိုပါက ဒီ နက်ဗျူလာ ကွင်း ထဲမှာ ကြယ် ၂ လုံးပါဝင်ပါတယ်။ ယခင်ထဲက ဒီနက်ဗျူလာထဲမှာ ကြယ် ၂ လုံးပါတာကို သိရှိပေမယ့် ယနေ့ Webb's Telescope ကနေ ရရှိတဲ့ ပုံမှာတော့ ကြယ် ၂ လုံး လုံးကို သေချာစွာ မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။ ကြယ် ၂ လုံးအနက် အနီရောင် သမ်းနေတဲ့ ကြယ် က တော့ သေဆုံးခါနီး ကြယ်ဖြစ်ပြီး ဖုန်မှုန့်တွေ နဲ့ ဖုံးလွမ်းနေတာကြောင့် မြင်တွေ့နိုင်ဖို့ ခက်ခဲပြီး အနီရောင် အဖြစ် မြင်ရတာ ဖြစ်ပါတယ်။ ဒီနက်ဗျူလာ ဖြစ်ပေါ်စေတဲ့ သေဆုံးခါနီး ကြယ် ဟာ သူ့မှာပါဝင်တဲ့ ဓာတ်ငွေ့တွေကို တစ်စက္ကန့် ကို ၉ မိုင်နှုန်း အလျင်နဲ့ လွှတ်ထုတ်လိုက်တာကြောင့် ယခု လို ဘေးပတ်ပတ် တည်မှာ ကွင်း အဖြစ် မြင်ရတာပါ။

https://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/main_image_stellar_death_s_ring_miri_nircam_sidebyside-1280.jpg?itok=VyowVs82

Stephan's Quintet or Galatic High Five

ပုံ ပါ ဂလက်ဆီ အစုအဖွဲ့ကို Stephan's Quintet လို့အမည်ပေးထားပါတယ်။ ၁၈၇၇ ခုနှစ်မှာ ပြင်သစ် နက္ခတ္တဗေဒပညာရှင် Édouard Stephan က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယခုလို ဂလက်ဆီ အစုအဖွဲ့တွေ ထဲမှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အစုအဖွဲ့လဲ ဖြစ်ပါတယ်။ ဒီအစုအဖွဲ့ထဲမှာ ဂလက်ဆီ ၅ ခုပါရှိပါတယ်။ Quintet ဆိုတာ ငါးဦး ပါဝင်တဲ့ အစုအဖွဲ့ ကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် ယခု ပေးထားတဲ့ နာမည် က အမှန်တကယ်ဖြစ်ပေါ်တဲ့ အခြေအနေ နဲ့ အနည်းငယ်တော့ ကွာခြားနေတာပါ။ ယခု ဂလက်ဆီ ငါးခု အစုအဖွဲ့ထဲမှာ ပါတဲ့ ဘယ်ဖက်အပေါ်နားမှာရှိတဲ့ NGC 7320 ဂလက်ဆီ ဟာ ကျန် ဂလက်ဆီ လေးခုထက် ကမ္ဘာ နဲ့ ၇ ဆ ကျော် ပိုမို နီးတာဖြစ်ပါတယ်။ ကမ္ဘာကနေ မြင်ရတဲ့ မြင်ကွင်းထဲမှာ ပါနေတာကြောင့် သာ ဂလက်ဆီ ၅ ခုပါတဲ့ အစုအဖွဲ့ အနေ နဲ့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ကျန် ဂလက်ဆီ ၄ ခုထဲ က ၃ ခုဟာ ပုံမှန်မဟုတ် တဲ့ ပုံသဏ္ဍန် ရှိပြီး ရှည်မြောမြော ဖြစ်နေတဲ့ ခရုပုံ သဏ္ဍန် လက်တံတွေ ရှိပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီဂလက်ဆီ တွေဟာ တစ်ခုနဲ့ တစ်ခု အချင်းချင်း ဆွဲငင်နေကြတာကို တွေ့ရမှာဖြစ်ပြီး နောက်တစ်ချိန် မှာ ဒီဂလက်ဆီ ၄ ခုဟာ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ဂလက်ဆီ အကြီး တစ်ခုဖြစ်ပေါ်သွားမှာ လဲဖြစ်ပါတယ်။ ဒီအစုအဖွဲ့ထဲ က NGC 7320 ဟာ ကမ္ဘာကနေ အလင်းနှစ် သန်း ၄ဝ ကွာ​ဝေးပြီး ကျန် ဂလက်ဆီ ၄ ခုကတော့ အလင်းနှစ် သန်းပေါင်း ၂၉ဝ ခန့်မှာ တည်ရှိနေကြပါတယ်။

ယခုပုံ ကို တော့ ကမ္ဘာကနေ မြင်ရတဲ့ လပြည့် ရဲ့ ၅ပုံ ၁ ပုံ အချင်း အရွယ်အစား ရှိတဲ့ ကောင်းကင် ဧရိယာ ကို ရိုက်ယူထားတာဖြစ်ပါတယ်။ ဒီပုံဟာ ပုံပေါင်း ၁၀၀၀ ခန့် ပေါင်းစပ်ထားတာဖြစ်ပြီး စုစုပေါင်း 150 Million Pixels ရှိပါတယ်။ ယခုလို အသေးစိတ် ပါဝင်တဲ့ ပုံတွေ ကို လေ့လာခြင်းအားဖြင့် စကြ၀ဠာ ထဲ က ဂလက်ဆီ တွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာနဲ့ နောင်အနာဂတ်မှာ ဘယ်လိုတိုးတက်ပြောင်းလဲ လာမယ်ဆိုတာကို လေ့လာရာမှာ များစွာအထောက် အကူပြုမှာဖြစ်ပါတယ်။

 https://www.nasa.gov/sites/default/files/styles/full_width/public/thumbnails/image/main_image_galaxies_stephans_quintet_sq_nircam_miri_final-1280.jpg?itok=HyMw6H_h

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...