လူ့အဖွဲ့အစည်း တစ်ခုဟာ အသက်ဘယ်လောက်ရှည်ရှည်များနေနိုင်ပါ့မလဲ လို့ ဆိုရိုးရှိပါတယ် ။ မည်သည့်အရာမှ မတည်မြဲပါ ။ ဒါပေမဲ့ တကယ်မေးရမယ့် မေးခွန်းဟာ မတည်မြဲခြင်း တရား ထဲမှာ ကျွန်တော်တို့ ဘယ်လောက်ကြာကြာတည်မြဲအောင်နေနိုင်ကြပါ့မလဲ?
ဟိုးရှေးရှေးတုန်းကပေါ့ .. အင်မတန်ကြီးကျယ်ခမ်းနားပြီး ဘုန်းတန်ခိုးကြီးမားခဲ့တဲ့ အာခက်ဒီယန် အင်ပါယာ (Akkadian Empire) ကြီး ရှိခဲ့တယ် ။ အန်ဟက်ဒူအားနား (Enheduanna) ဆိုတဲ့ လူသားသမိုင်းရဲ့ ပထမဆုံး ဂန္တဝင်စာရေးဆရာတွေထဲမှာတစ်ယောက်ပါ တဲ့ မင်းသမီး ရဲ့ တိုင်းပြည်ပေါ့ ။ ယနေ့ အချိန်မှာတော့ အဲဒီ အင်ပါယာ ကြီး ဟာ မြေကြီး ပေါ်မှာ ပြိုပျက်ပြီး ဖုန်မှုန့်တွေအလိမ်းလိမ်းတက်နေတဲ့ မြို့ပြတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတော့တယ် ။ ဘာများဖြစ်သွားပါလိမ့် ? သက်ဦးဆံပိုင် ဘုရင်ကြီးတွေ ၊ ဘုရင်မတွေ ၊ ဘုန်းတန်ခိုးကြီးတဲ့ စစ်သူကြီးတွေ အားလုံးက ဒူးထောက် အရှုံးပေးရလောက် အောင် ကို ကြောက်ဖို့ကောင်းခဲ့တဲ့ သေမင်းက ဘာများပါလိမ့် ?
ပထမ ပြသနာကတော့ Mesopotamia နိုင်ငံ တွေအကြား တစ်ခုနဲ့ တစ်ခု အသေအကြေတိုက်ခိုက်တဲ့ တိုက်ပွဲတွေ၊ ဘုန်းတန်ခိုးကြီး ပြီး သေမင်း ဖြစ်ချင်ကြတဲ့ ဘုရင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်ပေါ့ ။ စစ်ပွဲတွေရဲ့ အရှင်သခင်ဖြစ်အောင် အဓိက ထားလုပ်ဆောင်ခဲ့ကြရတာ ကနေ ပြီး တော့ မသိလိုက်မိပါလျက် စစ်ပွဲတွေရဲ့ ကျေးကျွန် ဖြစ်သွားကြတဲ့ ဘဝကိုရောက်ခဲ့ကြတာပေါ့ ။ ဒါပေမယ့် ဒီထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ သေမင်း နောက်တစ်ပါး လဲရှိသေးတယ် ဗျ ။
အဲဒီသေမင်း ကို ဘာက ဆင့်ခေါ်ခဲ့သလဲဆိုတော့ သူတို့ ရဲ့ နည်းပညာ ကနေပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှန်းမသိခဲ့တဲ့ အကျိုးရလဒ်တွေပဲ ။ သူတို့ရဲ့ လယ်ကွင်းတွေကို နှစ်စဉ်သွင်းတဲ့ရေဟာ အချိန်ကြာလာတဲ့အခါမှာ အငွေ့ပျုံပြီး တော့ သူတို့ထဲက ဆားတွေ ကိုသာ မြေကြီးထဲချန်ခဲ့ပါတယ် ။ ပတ်ဝန်းကျင်ကို သေချာနားမလည်ဘဲ လုပ်ခဲ့တဲ့ သူတို့ရဲ့ ရေသွင်းစိုက်ပျိုးရေး နည်းပညာ ရဲ့အကျိုးဆက်ကတော့ နှစ်ပေါင်းကြာလာတဲ့အခါမှာ ဆားတွေဟာ တဖြေးဖြေးများလာပြီး စိုက်ပျိုးသီးနှံတွေကို အထွက်နှုန်းကို ထိခိုက်လာပါတယ် ။ ဘီစီ၂၂၀၀ ခန့်မှာတော့ လုံးဝ အခြေအနေဟာ ပြုပြင်မရအောင်ဆိုးသွားခဲ့ပါပြီ ။ သဘာဝဘေးတွေခံရတယ် ။ အဆိုးဆုံး က ဆယ်စုနှစ်နဲ့ ချီပြီး မိုးခေါင်ရေရှားဖြစ်တယ် ။ စိုက်ပျိုးသီးနှံတွေမရှိတော့ ဘူး ။ ရောဂါကပ်ဆိုးတွေ ကျတယ် ။ အငတ်ဘေးဆိုက်တယ် ။ စစ်ပွဲတွေဖြစ်တယ် ။ တစ်ချိန်က သာယာစိုပြေ ဝပြောခဲ့တဲ့ မြို့ပြကြီးတွေရဲ့ လမ်းတွေဟာ သွေးတွေချင်းချင်း ရဲလို့ ။ လူသေအလောင်းတွေနဲ့ ပုံလို့ ပေါ့ ။
ဟုတ်ပြီ ဒါဆိုရင် ၊ ထားပါတေ့ာ ။ ဘာနည်းပညာမှမသိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် လေးငါးထောင် လောက်က အင်ပါယာ တစ်ခု ပြိုကျတာကို မင်းကဘာလို့ လာပြောနေတာလဲဆိုပြီးမေးနိုင်ပါတယ် ။ အင်ပါယာတစ်ခု ၊ လူ့အဖွဲ့အစည်း တစ်ခုတင်ပြိုကျခဲ့တာမဟုတ်ပါဘူး ။ မြေထဲပင်လယ်တဝိုက်ကအဖွဲ့အစည်း (Civilization) တွေ၊ အင်ပါယာတွေ ၊အီဂျစ်၊ ဂရိ ၊ တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အရှေ့အာရှတစ်ဝိုက် အစရှိတဲ့ နေရာတွေက Civilization တွေ ၊ အင်မတန်ဘုန်းတန်ခိုးကြီးလှ တဲ့ Mayan Civilization ၊ Indus Valley Civilization အစရှိတဲ့ သမိုင်းမှာအထင်ကရ လူ့အဖွဲ့အစည်း အင်ပါယာတွေ ၊အကုန်လုံးဟာ ဒီသေမင်းတမန် ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှု အောက်မှာ လည်စင်းပေးခဲ့ရပါတယ် ။ အဲဒီခေတ်ကလူတွေမှာ ဘာလို့ ဒီပျက်စီးး မှုတွေဖြစ် ကုန်ရတာလဲဆိုတဲ့မေးခွန်းအတွက် နတ်ဘုရားတွေဒေါသကြီးလို့အပြစ်ဒဏ်ခတ်တာ ဆိုတဲ့ အဖြေတစ်ခုကလွဲရင်တခြားအဖြေမရှိခဲ့ပါဘူး ။ အဲဒီ လူ့အဖွဲ့အစည်း ကလူတွေဟာ အင်မတန်တော်ပြီးထက်မြက်လှပေမယ့် ဒီပြသနာ ၊ ဒီသေမင်း ဟာ ဘယ်သူလဲဆိုတာကိုမသိခဲ့ပါဘူး ။ အဲဒီသေမင်းကတော့ ရာသီဥတု ပြောင်းလဲခြင်း (Climate Change) ဆိုတဲ့ အင်မတန်ရက်စက်တဲ့ သေမင်း ပဲဖြစ်ပါတယ်။
ယနေ့ ခေတ်မှာ ကျွန်တော်တို့ ဟာ တစ်ကမ္ဘာလုံး ပေါင်းဖွဲ့ပြီး လူ့အဖွဲအစည်းတစ်ခု (Global Civilization) တစ်ခု အဖြစ်နဲ့ ရပ်တည်နေထိုင်ကြပါတယ် ။ ဒီ လူ့အဖွဲ့အစည်းကတော့ ဘယ်လောက်ခံမှာလဲ ။ တကယ်လို့ နောက်ထပ်တစ်ခါ အဲ့ဒီ သေမင်း ပြန်လာခဲ့လို့ရှိရင်ကော ? လက်ရှိ တိုင်းတာချက်တွေ ၊ လေ့လာချက်တွေအရ ရှေးခေတ် လူသားတွေကို အပြတ်ဖြုတ်ခဲ့တဲ့ သေမင်း ဟာ သူ့ရဲ့ လက်တံ တွေကို တစ်ဖန် ပြန်လည်ဆန့်လာပါပြီ ။ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေဟာ ထို သေမင်း တမန် ကို တဖန်ပြန်လည် ဆင့်ခေါ်လိုက်ပါပြီ ။ ကျွန်တော်တို့လူသားတွေဟာ ဉာဏ်ရှိပါတယ် ။ ဦးနှောက်ကောင်းပါတယ် ။ ပတ်ဝန်းကျင် နဲ့ အဆီလျော်ဆုံး ဖြစ်အောင် နေနိုင်တဲ့ သူတွေပါ ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တစ်ဖန်ပြန်လည် နိုးထလာတဲ့ သေမင်းတမန် နတ်ဆိုး ကို အောင်မြင်စွာတိုက်ခိုက်နိုင်ကြပါ့မလား ?
ကမ္ဘာကြီး၏ အသက်ရှုသံ
အသက်ရှင်နေထိုင်ရေးအတွက် ကျွန်တော်တို့ အတွက်ပထမဆုံးအရေးကြီးဆုံးဟာအောက်ဆီဂျင်ဖြစ်ပါတယ် ။ အချစ်မဟုတ်ပါဘူး ။ အောက်ဆီဂျင်မရှိရင် တန်းသေမှာပါ ။ (ရည်းစားကိုတော့အဲ့လိုသွားမပြောနဲ့ပေါ့နော်) ကျွန်တော်တို့ လူသားတွေဟာ အသက်ရှူတဲ့အခါမှာ လေထုထဲက အောက်ဆီဂျင်(O2) ကိုရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ပြန်လည်ရှူထုတ်ပါတယ် ။ အပင်တွေဟာ ကျွန်တော်တို့ နဲ့ ဗြောင်းဗြန် CO2 ကိုရှူသွင်းပြီး O2 ကိုစွန့်ပစ်ပစ္စည်းအဖြစ် ပြန်လည်ရှူထုတ်ပါတယ် ။ အဲဒီအတိုင်းပဲ အသက်ရှိနေတဲ့အလား လှပလွန်းတဲ့ ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာလည်း အသက်ရှုပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့လို စက္ကန့်တိုင်း ရှူတာမျိုးတော့မဟုတ်ပါဘူး ။ သူ့ရဲ့ အသက်ရှုသံဟာ အင်မတန် ဖြည်းညှင်းလွန်းပါတယ် ။ ဘယ်လောက်တောင် ဖြည်းညှင်းလွန်းလဲဆိုရင်တစ်နှစ်မှ တစ်ခေါက်သာ သူဟာ အသက်ရှူပါတယ်။ ကမ္ဘာကြီးရဲ့ မြောက်ဘက်ခြမ်းဟာ သစ်တောတွေအများဆုံး စုစည်း နေတဲ့နေရာဖြစ်ပါတယ် ။ နွေဦးကာလ ရောက်တဲ့အခါမှာ သစ်ပင်တွေဟာ လေထုထဲက CO2 ကိုစုပ်ယူစားသုံးပြီး စိမ်းစိုလာကြပါတယ် ။ အဲ့ဒီအခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိတဲ့ CO2 ပမာဏ ဟာ လျော့ကျသွားပါတယ်။ ဆောင်းဦးပေါက် တဲ့အခါကျတော့ အပင်တွေကအရွက်တွေကြွေကျပြီး CO2 ကို လေထုထဲပြန်လွှတ်ပါတယ် ။ အဲ့ဒီအခါမှာ လေထုထဲက CO2 ပမာဏ ဟာ ပြန်လည်မြင့်တက်လာပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာလဲ ဒီအတိုင်းပါပဲ (နှစ်တစ်နှစ်ရဲ့ ဆန့်ကျင်ဘက်အချိန်မှာဖြစ်ပါတယ် - ကမ္ဘာ့တောင်ဘက်ခြမ်းကနွေဆို မြောက်ဘက်က ဆောင်း ဖြစ်တာကိုး) ။ ဒါပေမဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းဟာ သမုဒ္ဒရာတွေသာ အများအားဖြင့်ရှိတဲ့အတွက် CO2 ပမာဏ ကို ထိန်းသိမ်းရာမှာ သိပ်ပြီးမသိသာလှပါဘူး ။ အဲဒီတော့ လေထုထဲမှာရှိတဲ့ နှစ်စဉ် CO2 ပမာဏ ကို အဓိက ထိန်းချုပ်တာဟာ မြောက်ဘက်ခြမ်းကသစ်တောတွေလို့ဆိုလို့ရပါတယ်။ ဒီလိုနှစ်စဉ် CO2 ပမာဏ ကို ကမ္ဘာမြေကြီး ဟာ ဒီနည်းနဲ့ ထိန်းချုပ်ပါတယ် ။ အဲလို ကမ္ဘာမြေကြီးဟာ အသက်ရှူလာခဲ့တာ နှစ်သန်းပေါင်းများစွာကြာလာခဲ့ပြီဖြစ်ပေမဲ့ ၁၉၅၈ ခုနှစ်မှာမှ Charles Keeling က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ သူဟာ ကမ္ဘာ့လေထုထဲမှာ ရှိတဲ့ CO2 ပမာဏ ကို တိုင်းတာဖို့ နည်းလမ်းကို သေချာတီထွင်ခဲ့ပါတယ် ။ သူတွေ့ရှိခဲ့တာဒါပဲတင်လားဆိုတော့မဟုတ်ပါ ။ အဲဒီထက်ပိုပြီး အင်မတန်ကြောက်ဖို့ကောင်းတဲ့တွေ့ရှိချက်တစ်ခုကို သူတွေ့ခဲ့ပါသေးတယ် ။ အဲဒါကတော့ လူသားသမိုင်းမှာ တစ်ခါမှမရှိဖူးသေးတဲ့ နှုန်းနဲ့ CO2 ပမာဏ ဟာ တဟုန်ထိုး တိုးများလာတာပါ ။ ကျွန်တော်တို့လူသားသမိုင်းမှာတင်မဟုတ်ပါဘူး ။ ကမ္ဘာကြီး ကိုယ်တိုင်ကပင်လျှင် ဒီလောက်ဆိုးဝါးတဲ့ CO2 တိုးနှုန်းကို မမြင်ဖူးခဲ့တာ နှစ်ပေါင်း ၃သန်း ခန့်ရှိခဲ့ပါပြီ ။ မေးနိုင်ပါတယ်၊ ၁၉၅၈ ကမှစပြီး တိုင်းတာဖို့နည်းလမ်းစရှိလာတာ လွန်ခဲ့တဲ့ နှစ်သုံးသန်းက ဟာဘယ်လိုလုပ်သိလဲဆိုပြီးတော့ ။ သက်သေအထောက်အထားတွေကို ရေထဲမှာ ကျွန်တော်တို့ဖတ်လို့ရပါတယ်။ Greenland နဲ့ Antartica တို့မှာရှိတဲ့ ရေခဲပြင်တွေဟာ တစ်နှစ်ကိုတစ်ထပ်စီနဲ့ ပုံမှန် ဒိုင်ယာရီစာအုပ်တစ်အုပ်လို့ အစီအစဉ်တစ်ကျဖြစ်နေပါတယ် ။ အဲဒီရေခဲပြင်တွေထဲမှာ ရှေးခေတ်ရဲ့ လေထုဟာ ခိုအောင်းနေတတ်ပါတယ်။ အဲ့တာကိုတူးထုတ်ပြီးတော့ သေချာစူးစမ်းလေ့လာကြည့်တဲ့အခါမှာ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုလှန်ဖတ်သလိုပဲ ရှေးနှစ်ပေါင်းများစွာက လေထုအကြောင်းကိုလေ့လာလို့ရပါတယ် ။ အောက် က ပုံ-၂ မှာ ကြည့်ရင် အေဒီ ၁၀၀၀ ကနေ ၁၈၂၀ ခန့်ထိကို လေထုထဲမှာရှိတဲ့ CO2 ပမာဏ ဟာ တည်ငြိမ်နေတာတွေ့ရပြီး ၁၈၅၀ ကျော်မှာ တဟုန်ထိုး တိုးတက်လာတာ ကိုတွေ့ရမှာဖြစ်ပါတယ် ။ ၁၉၀၀ ကျော်နဲ့ ၂၀၀၀ ကြားမှာတော့ ပိုတောင် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး ခု ၂၀၀၀ ကျော်မှာလဲ ဒီထက် ပိုကြောက်ဖို့ကောင်းတဲ့နှုန်းနဲ့တိုးလာနေတုန်းပဲဖြစ်ပါတယ် ။ (မှတ်ချက် - Parts per million ဆိုသည်မှ တစ်သန်းပုံ တွင် တစ်ပုံဟု ပြောခြင်းဖြစ်သည် ။ ၃၀၀ Parts per million ဆိုလျှင် ကမ္ဘာ့လေထု အပုံတစ်သန်းတွင် CO2 အပုံ ၃၀၀ ပါဝင်သည်ဟုဆိုလိုချင်းဖြစ်ပါသည်။ )
ဖန်လုံအိမ်ဓာတ်ငွေ့များ နှင့် ဖန်လုံအိမ် အာနိသင် ( Greenhouse Gases and Greenhouse Effect)
တစ်ခုရှိတယ်ဗျ ။ CO2 ကဘာများဖြစ်နေလို့ ကျွန်တော်ကအဲလောက်အရေးတကြီးပြောနေပါလဲလို့ စာဖတ်သူ မေးနိုင်ပါတယ် ။ နံပါတ်ကြည့်လိုက်ရင်လဲသိပ်ကြီး မထူးပါဘူး ။ အပုံတစ်သန်းမှာမှ အပုံ ၃၀၀ ကနေ ၄၀၀ လောက်ထိပါတာများ ဘာတွေအရေးတကြီးလုပ်နေလဲဆိုပြီးမေးနိုင်ပါတယ်။ ဘာလို့ CO2 ဟာ အရေးကြီးသလဲ ဆိုတာ ကို ကျွန်တော်ပြောပြပါ့မယ် ။ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ရယ် ၊ မီသိန်း (CH4) ရယ် နိုက်ထရပ်စ်အောက်ဆိုဒ် (N2O) ရယ် ကို ဖန်လုံအိမ် ဓာတ်ငွေ့များ (Greenhouse Gases) လို့ခေါ်ပါတယ် ။ ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းသိမ်းပေးဖို့အတွက် အဓိက ကျလှတဲ့ ဓာတ်ငွေ့တွေဖြစ်လို့ပါ။
ဒီဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ လုံးဝမရှိလို့လည်းမဖြစ်ပြန်ဘူးဗျ ။ သူတို့ ဟာ မှန်ကန်လုံလောက်တဲ့ ပမာဏ တစ်ခုတော့ရှိနေဖို့ လိုအပ်တယ် ။ ကမ္ဘာမြေကြီးပေါ် ကို စက္ကန့်မလပ် နေရဲ့ အလင်းတန်းတွေဟာ ကျရောက်နေပါတယ် ။ ကျရောက်တဲ့အလင်းတန်း အချို့ကိုကမ္ဘာမြေကြီးက စုပ်ယူပါတယ် ။ ဒါပေမဲ့ အလင်းတန်း (အလင်းစွမ်းအင် ၊ အပူစွမ်းအင်၊ thermal infrared radiation ) တော်တော်များများကိုတော့ အာကာသ ထဲကိုပြန်ပြီး တန်ပြန် ထုတ်ပါတယ်။ အဲဒီတန်ပြန်တဲ့အလင်းတန်းတွေဟာ ကမ္ဘာ့လေထုအပေါ်လွှာကိုရောက်တဲ့အခါမှာ ကမ္ဘာကြီးကိုခြုံစောင်တစ်ခုသဖွယ် အုပ်ထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ တွေ့ပါတယ်။ အဲ့ဒီဓာတ်ငွေ့တွေဟာ အလင်းတန်းတွေကအပူအချို့ကို စုပ်ယူလိုက်ပြီး ကမ္ဘာမျက်နှာပြင်အရပ်မျက်နှာအဖက်ဖက်ကို ပြန်လည် ထုတ်လွှတ်ပေးးတဲ့အတွက် အချို့သာ အာကာသထဲလွတ်ထွက်ပါတော့တယ် ။ အဲဒီစုပ်ယူလိုက်တဲ့ အပူတွေကြောင့်သာ ကျွန်တော်တို့ ကမ္ဘာကြီးဟာ နွေးထွေးနေပြီး အသက် (life) ဆိုတာ ဖြစ်ထွန်းလာရတာဖြစ်ပါတယ်။ တကယ်လို့ လုံးဝ သာ ဖန်လုံအိမ်ဓာတ်ငွေ့တွေမရှိဘူးဆိုရင် ကမ္ဘာကြီးဟာ ရေခဲတုံးကြီး တစ်တုံးအဖြစ်သာ ရှိနေမှာဖြစ်ပြီး ပျမ်းမျှအပူချိန်ဟာ -၁၈ ဒီဂရီ Celsius ခန့်သာရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရှိဖို့ဆိုတာဝေးစွ ၊ သက်ရှိတွေတောင်တစ်ကောင်တစ်မြီးမှ ရှိဖို့ မသေချာပါဘူး။ အဲဒီလို ဖန်လုံအိမ်ဓာတ်ငွေ့(Greenhouse Gasses) တွေကနေ အပူကို စုပ်ယူထိန်းသိမ်းပေးတဲ့ ဖြစ်စဉ် ကို ဖန်လုံအိမ်အာနိသင် ( Greenhouse Effect) လို့ခေါ်ပါတယ် ။
ဟုတ်ပြီ ၊ ဖန်လုံအိမ်ဓာတ်ငွေ့အနည်းငယ်ကတော့ ကောင်းပါတယ် ။ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တအားများလာတဲ့အခါမှာ ကမ္ဘာကြီး ဟာ ပိုမိုပြီး ပူနွေးလာရပါတယ် ။ ခြုံတဲ့စောင် ပိုထူလာတဲ့အခါ ချွေးပိုပြန်လာသလိုပဲပေါ့ ။ ခုနကပြောသလိုမျိုးပဲ လေထုထဲမှာ CO2 ပမာဏ များပြားလာနေတော့ ပိုပိုပြီးဆိုးတာပေါ့ ။ အဲ့ဒီလိုပူနွေးလာခြင်းကို ကမ္ဘာကြီး ပူနွေးလာခြင်း (Global Warming) လို့ခေါ်ပြီးတော့ အဲ့ဒီ ကမ္ဘာကြီးပူနွေးလာခြင်းကြောင်း ရာသီဥတု အပေါ်သက်ရောက်ပြောင်းလဲလာခြင်း ကို ရာသီဥတု ပြောင်းလဲခြင်း (Climate Change) လို့ခေါ်ပါတယ်။ ယခင်တုန်းက Global Warming လို့ခေါ်ခဲ့ရာကမှ နောက်ပိုင်း ကိုပြီး ယေဘုယျကျတဲ့အခေါ်ဖြစ်တဲ့ Climate Change လို့ပြောင်းခေါ်ကြတာများပါတယ်။
အိုကေဗျာ ၊ ဟုတ်ပြီ ။ CO2 တွေတက်လာတယ်ပေါ့ ။ ဒါပေမဲ့ ဘာလို့များ လူတွေကြောင့်ဖြစ်တာလို့တပ်အပ်ပြောနိုင်ပါလိမ့် ။ ကျွန်တော်တို့ လုပ်တာမှ ဟုတ်ရဲ့လား ။ သူ့ဘာသာတခြားနေရာက CO2 တွေဝင်လာတာကောမဖြစ်နိုင်ဘူးလား?
ကမ္ဘာ့ကြီးပူနွေးလာမှု နှင့် လူသားများ
ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိတဲ့ မီးတောင်တွေကလည်း CO2 ကို ထုတ်လွှတ်တဲ့နေရာမှာ အင်မတန် အရေးပါလှပါတယ် ။ နှစ်တိုင်း နှစ်တိုင်း မှာ အစ်တလီနိုင်ငံ ၊ စစ်စလီ ကျွန်းမှာရှိတဲ့ Mount Etna က နေပြီး CO2 တန်ပေါင်း သန်းနဲ့ ချီပြီး လေထုထဲကိုထုတ်လွှတ်ပါတယ် ။ အဲဒီ Mount Etna အပါအဝင် အခြား မီးတောင်တွေအကုန်ပေါင်းလိုက်ရင် လေထုထဲကို ထုတ်လွှတ်နေတဲ့ CO2 ပမာဏ တန်ပေါင်း သန်း ၅၀၀ ကျော် ( ၅၀၀ ၀၀၀ ၀၀၀) ရှိပါတယ် ။ အဲလောက်ပမာဏ CO2 ကို နှစ်စဉ်နှစ်တိုင်း မီးတောင်တွေဟာ လေထုထဲကို ထိုးထည့်နေပါတယ်။ တော်တော်များတယ်လို့တေ့ာစာဖတ်သူထင်မိမှာပဲ ။ ဒါပေမဲ့ အဲ့ဒီ CO2 ပမာဏ ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း က နေပြီး လေအေးပေးစက်တွေ အစ စက်ရုံအလုပ်ရုံတွေအဆုံး မှာ အသုံးချတဲ့ ရေနံ ၊ သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး အစရှိတာတွေကြောင့်ထွက်တဲ့ CO2 ပမာဏ ရဲ့ ၂ ရာခိုင်နှုန်းတောင်မရှိပါဘူး ။ ကျွန်တော်တို့ ကနေပြီး နှစ်စဉ် ကမ္ဘာ့လေထု ထဲ ကို ထုတ်လွှတ်နေတဲ့ CO2 ပမာဏ ဟာ တန်ပေါင်း ၃၀ ဘီလီယံ ကျော် ( ၃၀ ၀၀၀ ၀၀၀ ၀၀၀ ) ရှိပါတယ် ။ မီးတောင်တွေကထွက်တဲ့ CO2 နဲ့ ကျွန်တော်တို့လူသားတွေ ရေနံ ၊ ကျောက်မီးသွေး အစရှိတာတွေအသုံးချပြီး ထွက်တဲ့ CO2 ကို ခွဲကြည့်လို့ရပါတယ် ။ မီးတောင်တွေကထွက်တဲ့ CO2 ဟာ အနည်းငယ် ပိုပြီး အလေးချိန် ပိုပါတယ် ။ Atomic Level မှာ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ သူတို့ နှစ်ခုရဲ့ကွာပြားမှု ကို သေသေချာချာ သိရှိနိုင်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှု ရဲ့ တရားခံဟာ ကျွန်တော်တို့ လူသားတွေဆိုတာဟာ လုံးဝ ကို သိသာထင်ရှားနေပါတယ် ။ ကျွန်တော်တို့ကပဲ ကံဆိုးတယ်ပြောရမလားပဲ ၊ ကျွန်တော်တို့လူသားတွေရဲ့ အဓိက စွန့်ပစ်ပစ္စည်း ဟာ တခြားဟာမဟုတ်ဘဲ နဲ့ ကမ္ဘာမြေကြီးရဲ့ အပူချိန်ကို တိုးမြင့်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့မှ လာဖြစ်နေရတာပါပဲ ။ ဒီထက်ပိုဆိုးတာက CO2 ဟာ သာမန် မျက်စိနဲ့မမြင်နိုင်တာပါ ။ တကယ်လို့များသာ မြင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဟာ ဒီကမ္ဘာကြီးပူနွေးလာမှု ကိစ္စကို ပိုမို အာရုံစိုက်လာပြီးတော့ ပိုမို လက်ခံလာကြမှာပါ ။
၁၈၈၀ ခုနှစ် များ တဝိုက် မှ အစပြုပြီး ကမ္ဘာတဝှမ်းက မိုးလေဝသ ဌာန များမှနေပြီးတော့ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်အပူချိန်ထက်များပြားနေတဲ့ သွေဖည် အပူအချိန်တွေကို စာရင်းပြုစုပြီးသေချာသိမ်းထားခဲ့ပါတယ် ။ အဲဒီ အချက်အလက်တွေကို NASA (National Aeronautics and Space Administration) ကယူပြီး ကမ္ဘာတဝှမ်းတိုးလာတဲ့ အပူချိန်ကို မြေပုံပေါ်မှာ ဖော်ပြခဲ့ပါတယ် ။ ခေတ်အဆက်ဆက်အလိုက်အပူချိန်တွေကို ယှဉ်ပြထားတဲ့ Video ကို ကြည့်ချင်တယ်ဆိုရင် (http://www.nasa.gov/topics/earth/features/2012-temps.html) ထိုလင့်ခ်ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ် ။ အောက်မှာ ကျွန်တော် ၁၈၈၀ ဝန်းကျင်တစ်ဝိုက် က အပူချိန်နဲ့ လက်ရှိ ခုနှစ်များကအပူချိန်ကို ယှဉ်ပြထားပါတယ်။ အဝါဆိုရင်အပူချိန်အသင့်အတင့် ၊ လိမ္မော်ဆို ပူတယ် ၊ အနီဆိုပိုလို့တောင်ပူသေးတာပေါ့ ။ (ပုံ-၇) ဒီနှုန်းအတိုင်းသာဆက်သွားမယ်ဆိုရင် ၂၀၅၀ လောက်ကျရင်ကော ? ကျွန်တော်တို့ သားမြေးတွေလက်ထက်ကျရင်ကော ? တော်တော်မလွယ်တဲ့ခရီး ကို ကျွန်တော်တို့ သားမြေးတွေဟာ ဆက်သွားရတော့မှာပါ ။ အင်မတန်ရက်စက်တဲ့အပူလှိုင်းတွေ ၊ မြင့်တက်လာတဲ့ ရေမျက်နှာပြင် ၊ မိုးခေါင်ရေရှားမှုတွေ ၊ မုန်တိုင်းတွေ ၊ ရေကြီးမှုတွေ ၊ မျိုးစိတ်တွေ ပျက်သုဉ်းမှုတွေ နဲ့ကြုံရပါတော့မယ် ။ ခုတောင် နေရာတော်တော်များများမှာ ကြုံနေရပါပြီ ။ ကျွန်တော်တို့ လူသားတွေရဲ့ ဂရုမစိုက်မှု ဟာ သေမင်း ကို တဖန် ပြန်လည်ဆင့်ခေါ်လိုက်ပါပြီ ။
Climate Change ခေါ် ရာသီဥတု ပြောင်းလဲခြင်းဟာ ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိခဲ့ပါတယ် ။ နေကလာတဲ့ စွမ်းအင် ပမာဏ ဟာလည်း ရာသီဥတု ပြောင်းလဲခြင်းကို ဖြစ်စေပါတယ် ။ ဒါပေမယ့်လက်ရှိအခြေအနေ မှာ အဆိုးဝါးဆုံးသော အကြောင်းအရာ ဟာ လောင်စာဆီတွေ ရှို့ရာကထွက်လာတဲ့ CO2 ထုတ်လွှတ်မှုကြောင့်ဖြစ်လာတဲ့ ကမ္ဘာကြီးပူနွေးမှု ပါပဲ ။ ခုနက ဖန်လုံအိမ် အာနိသင်မှာ ပြောခဲ့တဲ့အတိုင်းပဲ စုစည်းလာတဲ့အပူတွေ တဖြည်းဖြည်းများလာပါတယ် ။ အဲဒီအပူစွမ်းအင်တွေဟာ တစ်နေရာရာကိုတော့ သွားရပါမယ် ။ အချို့ဟာ လေထု ကို ပူလာစေပါတယ် ။အချို့ဟာ ပင်လယ်သမုဒ္ဒရာတွေကို ပူလာစေပါတယ် ။ တစ်ကမ္ဘာလုံးမှာ သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ မြင့်သထက် မြင့်လာနေပါတယ် ။
အာတိတ် သမုဒ္ဒရာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင် ကုန်းမြေတွေ ထဲမှာဆိုပိုတောင်သိသာပါတယ် ။ ပူနွေးလာတဲ့ သမုဒ္ဒရာတွေဟာ ရေခဲပြင်တွေကို အရည်ပျော်စေပါတယ် ။ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတန်းမှာရှိတဲ့ ရေခဲပြင်တွေဟာ တဖြည်းဖြည်း အရည်ပျော်လာပါတယ် ။ အဲဒီမှာမေးစရာရှိပါတယ် ။ ဘာလို့ ဒီရေခဲတွေကိုအဲလောက်ဂရုစိုက်နေသလဲဆိုပြီး ။ ပျော်ပါစေပေါ့ ဘာဖြစ်တုန်း ။ ကျွန်တော်တို့ နဲ့ အဝေးကြီး ပဲဆိုပြီး ။
ရေခဲပြင်တွေဟာ ကမ္ဘာပေါ်မှာ အပြောင်လက်ဆုံး မျက်နှာပြင်တွေဖြစ်ပါတယ် ။ နေကလာတဲ့ စွမ်းအင်တွေကို ပြန် ပြီး အာကာသထဲ ရောင်ပြန်တဲ့အခါမှာ ရေခဲပြင်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ် ။ သမုဒ္ဒရာရေပြင်ဟာ ပြာနက်ပြီး အပူကို စုပ်ယူပါတယ် ။ သမုဒ္ဒရာရေပြင် တွေဟာ အပူကို စုပ်ယူတဲ့အတွက် ပိုမို ပူနွေးလာရပါတယ် ။ အဲ့ဒီစုပ်ယူခြင်းက ရေခဲတွေကို ပိုမိုအရည်ပျော်စေပါတယ်။ ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်များပြားလာတဲ့အပူတွေကိုလဲ ရေမျက်နှာပြင်ကစုပ်ယူပြန်တယ် ။ ပိုပြီး ပူလာတဲ့ရေဟာ ပိုပြီးတော့ ရေခဲတွေကိုအရည်ပျော်စေပါတယ် ။ ရေခဲတွေအရည်ပျော်လေလေ ရေမျက်နှာပြင်မြင့်တက်ပူနွေးလာလေ ၊ နေကလာတဲ့အလင်းကို အာကာသထဲ ပြန်ထုတ်နိုင်စွမ်း ပိုမို လျော့လျော့လာလေ ပါ ။ ရေခဲတွေပျော်ကုန်တော့ ရေမျက်နှာပြင်က ပိုများလာကော ။ ပိုများလာတဲ့ ရေမျက်နှာပြင်ကအပူကို ပိုပြီး စုပ်ယူပြန်ရော ။ နဂိုထဲက မှ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူစွမ်းအင်တွေ ပြန်ထွက်မရဖြစ်နေတဲ့အထဲက (ဖန်လုံအိမ်အာနိသင် ကို ပြန်သတိရပါ) သူတို့ကို ပြန်လွှတ်ပေးမယ့် ရေခဲတွေပါ ပျော်ကျလာတော့ တစ်ပူပေါ် နှစ်ပူဆင့် သလိုဖြစ်တော့တာပေါ့ ။ အဲ့ကြားထဲ ပိုပြီး များပြားလာတဲ့ ရေမျက်နှာပြင်က ပါ အပူတွေထပ်စုပ်တော့ နှစ်ပူပေါ် သုံးပူ ဆင့် သလိုဖြစ်တော့တာပေါ့ ။ မှတ်ထားနော် အခု သုံးပူ ရှိသွားပြီ ။ ထပ်အပူတွေလာဦးမယ်ဗျ ။
Permafrost or cryotic soilဆိုတာ ဟာ ရေခဲအမှတ် (သုညဒီဂရီ စဲလ်စီးယပ်စ်) အောက် နှစ်ပေါင်းသန်းချီကြာအောင် ရောက်နေတဲ့ မြေဆီလွှာ အချို့ကိုခေါ်တဲ့နာမည်ဖြစ်ပါတယ် ။ (၂နှစ်ထက်ပိုပြီး သုည အောက်ရောက်ရင်ကို Permafrost လို့သတ်မှတ်ပါတယ်) အာတိတ် နဲ့ အန္တာတိက အပိုင်းတွေမှာ သူ့ကိုတွေ့ရပါတယ်။ သူဟာ ရှေးထဲက သစ်ပင်တွေရဲ့ အရွက်တွေ ၊ အမြစ်တွေ တိုတိုပြောရရင် Organic Matter တွေကို ရေခဲသေတ္တာတစ်လုံးက အသားငါးတွေကို ထိန်းသိမ်းပေးသလိုထိန်းသိမ်းပေးထားပါတယ် ။ ခုနက ကျွန်တော်ပြောခဲ့တဲ့အတိုင်း အာတိတ်သမုဒ္ဒရာ ဟာ ပိုပိုပြီး ပူလာတဲ့အတွက် Permafrost တွေဟာ တဖြေးဖြေးအရည်ပျော်လာကြပါတယ်။ အာတိတ်သမုဒ္ဒရာရဲ့ အစွန် Dew Point, Alaska မှာဆိုရင် ကမ်းခြေ တစ်လျှောက်က Permafrost တွေဟာ တစ်နှစ်ကို ပေငါးဆယ်နှုန်းနဲ့ ကို ပြိုကျပျက်စီးနေပါတယ် ။ Permafrost တွေ ပိုကျတဲ့အခါမှာ သူ့အထဲရှိတဲ့ Organic Matter တွေဟာလဲ တဖြည်းဖြည်းနဲ့ ကို ပုပ်ပွလာပါတယ် ။ (ရေခဲသေတ္တာ ကို ခလုတ်ပိတ်ပြီး ကြာကြာထားရင် အသားတွေမကောင်းတော့သလိုပဲပေါ့ ) အလက်စကာ ၊ ဆိုက်ဘေးရီးယား နိုင်ငံတို့ ရဲ့ မြောက်ဘက်စွန်းပိုင်းတွေမှာ Permafrost တွေများပါတယ်။ အဲဒီ အရည်ပျော်ကုန်တဲ့ Permafrost တွေဟာ သူ့ဘာသာ သူမနေပါဘူး ။ သူ့ထဲမှာပါတဲ့ Organic matter တွေပုပ်ပွကုန်တဲ့အတွက် CO2 နဲ့ Methane ကို ထုတ်လွှတ်ပေးပါတယ် ။ (နှစ်ကောင်လုံးက ဖန်လုံအိမ်ဓာတ်ငွေ့တွေချည်းပဲနော်။) ကမ္ဘာပေါ်မှာရှိတဲ့ Permafrost တွေအကုန်လုံးထဲမှာ ရှိတဲ့ ကာဗွန် ပမာဏ ဟာ လေထုထဲက CO2 ကို နှစ်ဆ ခန့်ပိုပြီးတက်သွားလောက်အောင် များပြားပါတယ် ။ အခုလို အရည်ပျော်နေတဲ့နှုန်းနဲ့ဆို အဲ့ဒီ CO2 တွေအကုန်ဟာ အခု ၂၁ ရာစု အကုန်မှာ တော်တေ်ာများများ ထွက်ပြီး လေထုထဲ ရောက်သွားဖို့များပါတယ် ။ ခုနက ပြောခဲ့တဲ့ သုံးပူ မှာ နောက်တစ်ပူ ထပ်ဆင့် ခုဆို လေးပူ တိတိရှိနေပါပြီ ။ ခုလောက် CO2ပမာဏနဲ့တောင်အခြေအနေအဲလောက်ဆိုးနေတာ Permafrost က CO2 တွေရောက်လာခဲ့ရင်ကော ? အဲဒီအခါကျလို့ရှိရင် တော့ ကျွန်တော်တို့ ရဲ့ ရာသီဥတု ဟာ ပြန်လည်ပြုပြင်လို့မရတော့တဲ့အခြေအနေထိကို ရောက်သွားနိုင်ပါတယ် ။ အဲ့လိုသာဖြစ်သွားခဲ့ရင် ၊ ဒီနှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် ဒီသေမင်းတမန် လမ်းမ မှာ ပြန်လှည့်ဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ပါဘူး ။ ကျွန်တော်တို့ ရဲ့ အင်မတန်သာယာလှပတဲ့ ကမ္ဘာမြေကြီးဟာ ငရဲ တစ်ခုအသွင်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ် ။ ခုတင်ပဲ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မကြံဖူးတဲ့ မုန်တိုင်းတွေ ၊ ရေကြီးတာတွေ ၊ အပူလှိုင်း တွေ အစရှိတာတွေကို မျက်မြင်ကြုံတွေ ကြားနေ ရပါပြီ ။ တစ်နှစ်ထက်တစ်နှစ်လဲ ပူလာတာကမှ မခံမရပ်နိုင်အောင်ပါပဲ ။ ကျွန်တော်ငယ်ငယ်ဆို အိမ်နောက်ဖေးမှာလာနေတဲ့ ဆင်လိပ်ပြာကြီးတွေ မြင်ရင်အရမ်းပျော်ပါတယ် ။ အခုဆို အဲ့ဒီ ဆင်လိပ်ပြာကြီးတွေဘယ်နေမှန်းတောင်မသိတော့ပါ ။ တောက်တဲ့ အော်သံတွေလဲသိပ်မကြားရတော့ပါ ။ နွေဦး ကာလ ရောက်လျင်ကို ဥသြ သံလေးတွေက အားမရှိတစ်ချက် ရှိတစ်ချက် ။ တခြား တီတီတာတာ တေးဆိုတဲ့ငှက်လေးတွေလဲ အကုန်အသံတိတ်ကုန်ပါပြီ ။ ကမ္ဘာမြေကြီး ရဲ့ လှပတဲ့သဘာဝတရားဟာ တဖြေးဖြေးပျောက်ကွယ်လာပြီး ကြောက်မက်ဖွယ် သင်္ချ ိုင်း ကုန်း ကြီး တစ်ခုသဖွယ် အသက်ကင်းမဲ့ လာပါပြီ ။ သဘာဝဘေးတွေကလဲ သဘာဝဘေး လို့ခေါ်ရမှာထက် လူလုပ်ဘေး လို့ခေါ်ရမယ့်သဘောဖြစ်နေပါပြီ ။ ငလျင်လိုမျိုး ဘာမှမထိန်းချုပ်နိုင်တဲ့ သဘာဝဘေး စစ်စစ်တွေထက်ကို ဒီ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်လာတဲ့ ဘေးတွေ က ပိုပြီး ကြောက်ဖို့ကောင်းနေတာကတော့ အမှန်ပါ ။ လေထု ကော ၊ ရေထု ကော ၊ ကုန်းမြေ တွေပါ အကုန်လုံးဟာ တဖြေးဖြေး ပိုပိုပြီး ပူနွေးလာနေပါပြီ ။ Climate Change ဆိုတဲ့ သေမင်း ဟာ ကျွန်တော်တို့ Civilization တစ်ခုလုံးရဲ့ လည်ပင်း ကို သူ့ရဲ့လက်တံတွေနဲ့ ရစ်ပတ် ထားလိုက်ပါပြီ ။
ဒုတိယပိုင်း ကို မကြာခင်တင်ပေးသွားပါမယ်။
~ TZH
References:
• Matloff, Greg, C. Bangs, and Les Jhonson. Harvesting Space for a Greener Earth. 2nd ed. Springer, 2014. Print.
• MacFarlane, S., & Druyan, A. (2014, March 9). Cosmos: A Spacetime Odyssey [Documentry].
• Lynas, Mark. Six Degrees: Our Future on a Hotter Planet. Washington, D.C.: National Geographic, 2008. Print.
• Klein, Naomi. This Changes Everything: Capitalism vs. the Climate. Print.
• Sagan, Carl. Cosmos. New York: Random House, 1980. Print.
No comments:
Post a Comment