Tuesday, August 2, 2022

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

 

မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate)
ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိပ္ပံပညာရှင်တွေဟာ ဘာလို့ မိုးလေဝသ ကျတော့ မှန်အောင်မခန့်မှန်းနိုင်တာလဲဆိုပြီး မေးနိုင်ပါတယ် ။ မိုးလေဝသ (weather) နဲ့ ရာသီဥတု (Climate) နှစ်ခုဟာ မတူပါဘူး ။ မိုးလေဝသ ဟာ ခန့်မှန်းရခက်ပေမယ့် ရာသီဥတု ကတော့ ခန့်မှန်းလို့ရပါတယ် ။
မိုးလေဝသ (weather) ဆိုတာ ကျွန်တော်တို့ ကမ္ဘာ့လေထု ထဲမှာ လက်ရှိရှိနေတဲ့အခြေအနေ ဖြစ်ပါတယ် ။ သူဟာ လေထုရဲ့ အပူချိန် ၊ လေထု ရဲ့ စိုထိုင်းမှု ၊ တိမ်ထူထပ်မှု ၊ လေထုအနည်တွေ ၊ လေတိုက်နှုန်း ၊ လေထုဖိအား အစရှိတဲ့ အချက်ပေါင်းမြောက်များစွာပေါ်မူတည်ပါတယ် ။ အဲ့အချက်တွေထဲက မှ တစ်ချက်ကလေးမှာနည်းနည်းလေးအပြောင်းအလဲတစ်ခုရှိတာနဲ့ မိုးလေဝသ ဟာ ခန့်မှန်းလို့မရအောင် အကြီးအကျယ် ပြောင်းလဲသွားနိုင်ပါတယ် ။ “ကမ္ဘာကြီးရဲ့တောင်ဘက်မှာ လိပ်ပြာလေးအတောင်တစ်ချက်ခတ်ခြင်းက အစပြုတဲ့လေပွေမုန်တိုင်းများ’’ ဆိုတဲ့ လေးဖြူသီချင်းကို ကြားဖူးကြမှာပေါ့ ။ အဲ့တာကို Chaos Theory လို့ခေါ်ပါတယ် ။ အင်မတန်နက်နဲလှတဲ့ သင်္ချာပညာရပ်တစ်ရပ်ဖြစ်ပြီး မိုးလေဝသ ခန့်မှန်းတာမှာ အသုံးပြုရပါတယ် ။ ခုနကပြောသလိုပေါ့ ။ ထည့်သွင်းစဉ်းစားရတဲ့အချက်တွေထဲက နည်းနည်းလေးပြောင်းလိုက်ရင်ကိုပဲ မိုးလေဝသ ဟာ ခန့်မှန်းရအင်မတန်ခက်သွားပါပြီ ။ ဒါကြောင့် အများသောအားဖြင့် မိုးလေဝသ ပညာရှင်တွေဟာ ဆယ်ရက်စာဘာညာ ခန့်မှန်းတယ်ဆိုရင် ဖြစ်နိုင်ချေပမာဏနဲ့သာ တွက်ပြီးပြောရတာပါ ။ အတိအကျပြောလို့မရပါဘူး ။
ရာသီဥတု (Climate) ဆိုတာက ပတ်ဝန်းကျင်ကနေပြီး အချိန်ကာလကြာလာတာနဲ့အမျှဘယ်လိုပြောင်းလဲလာသလဲ ဆိုတာကို ခန့်မှန်းတာဖြစ်ပါတယ် ။ ရာသီဥတု ဟာ မိုးလေဝသ ကိုအချိန်အကြာကြီး လေ့လာကြည့်ယှဉ်ပြီးယေဘုယျ ပျှမ်းမျှ ကိုလေ့လာတဲ့သဘောပါ ။ သူ့မှာဆို ရာသီအပြောင်းအလဲတွေ ၊ အပူချိန်မြင့်လွန်းနိမ့်လွန်းတာတွေ ၊ တစ်နှစ်နဲ့တစ်နှစ်မှာ မိုးလေဝသ အခြေအနေတွေဘယ်လိုပြောင်းလဲလာလဲဆိုတာ တွေ ၊ ကမ္ဘာကြီးရဲ့ စွမ်းအင် ညီမျှမှု (energy balance) ကို ထိန်းချုပ်တာတွေ (ဥပမာ - နေရဲ့အပြောင်းအလဲတချို့ ၊ ကမ္ဘာ့ဝင်ရိုး ၊ ကမ္ဘာမှအပူစွမ်းအင် ကိုအာကာသထဲပြန်ကန်မှု ၊ လေထုထဲ ပါဝင်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ) တွေပါ ရှိပါတယ် ။ မိုးလေဝသ က အချိန်တိုအတွင်းမှာ လေထုထဲဘယ်လိုအပြောင်းအလဲရှိမလဲဆိုတာကို ခန့်မှန်းတာဖြစ်ပြီး ရာသီဥတု ကတော့ အချိန်ကာလအရှည်ကြီးတစ်ခုမှာ လေထုဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ခန့်မှန်းတာဖြစ်ပါတယ် ။ မိုးလေဝသ ဟာခန့်မှန်းရခက်ပေမယ့် အချိန်ကြာလာတဲ့အခါမှာ သူ့ရဲ့ ပုံစံ (pattern) ဟာပေါ်လာပါတယ် ။ ဥပမာဆိုရင် ကျွန်တော်တို့ ငယ်ငယ်ကထဲက နေအခုထိကို နွေရာသီဆို နှစ်စဉ်ပိုပိုပူလာနေကျပါ ။
ရာသီဥတု ဟာ ခန့်မှန်းချက် ဖြစ်ပြီး မိုးလေဝသ ဟာ ရရှိချက် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဥပမာဗျာ၊ ၂၀၄၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရှိမယ့် ရန်ကုန်မြို့ရဲ့အပူချိန်ကို ခန့်မှန်းမယ်ဆိုရင် ရာသီဥတုကိုအသုံးပြု ဖို့လိုအပ်လာပါပြီ ။ ၂၀၄၅ ခု၊ နိုဝင်ဘာ ၁၀ ရက်မှာ ရှိမယ့်ရန်ကုန်အပူချိန် (မိုးလေဝသ) ကိုသိချင်ရင် မနှစ်က ၂၀၁၄ နိုဝင်ဘာ၁၀ ရက်မှာရှိတဲ့အပူချိန် (မိုးလေဝသ) ကိုသိဖို့လိုပါတယ် ။ ဒီ့အပြင်လွန်ခဲ့သော နှစ်ပေါင်း၃၀ အတွင်း (၁၉၈၅ ကစပြီး) ၂၀၁၄ နိုဝင်ဘာ ၁၀ ရက်မှာ ရှိတဲ့အပူချိန်တွေအကုန်လုံး ကို စုပြီး ကြည့်ရပါမယ် ။ အဲဒီမိုးလေဝသ အချက်အလက်တွေကို စုစည်းတဲ့အခါမှာ ရလာတဲ့ Pattern ပါ်မူတည်ပြီး တွက်ချက်ထားတာဟာ ရာသီဥတု (Climate) ဖြစ်ပါတယ် ။ ဆိုပါတော့၊ နှစ်၃၀ အတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့ရဲ့ မိုးလေဝသ ဟာ ၃၀ ဒီဂရီ နဲ့ ၃၅ ဒီဂရီ ကြားပြေးနေသလား ? ဒါမှမဟုတ် ၃၀ ဒီဂရီ ကနေ ပြီး တဖြည်းဖြည်းမြင့်မြင့်တက်လာသလား? အဲဒီရရှိလာတဲ့အချက်ပေါ်မူတည်ပြီး တော့ နောက်လာမယ့် နိုဝင်ဘာ ၁၀ ရက်တွေရဲ့ မိုးလေဝသ ကိုခန့်မှန်းကြည့်လို့ရပါတယ်။ နိုဝင်ဘာ ၁၀ ရက်တစ်ခုချင်းရဲ့ မိုးလေဝသ ဟာမှားနိုင်ပေမယ့် သူ့ရဲ့ Pattern (အပူချိန်ဟာမြင့်လာနေသလား ၊ ငြိမ်နေသလား ၊ ပြောင်းလဲနေတယ်ဆိုရင်ဘယ်လောက် range အတွင်းမှာဖြစ်သလဲ) တွေကိုလေ့လာပြီး တော့ ရာသီဥတု (Climate) ကိုခန့်မှန်းနိုင်ပါတယ်။ အဲဒါကြောင့် မိုးလေဝသ တစ်ခုချင်းကိုခန့်မှန်းရခက်ပေမယ့် (အမှားများပေမယ့်) သူ့ရဲ့ Pattern ကိုကြည့်ပြီး ခန့်မှန်းရတဲ့ ရာသီဥတု ကတော့ ခန့်မှန်းလို့ရပါတယ် ။ ရာသီဥတု ဟာ သင်ဘာအင်္ကျ ီ ဝယ်ရမလဲဆိုတာကို ပြောပြပြီး မိုးလေဝသ ကတော့ သင်ဘာအင်္ကျ ီ ကိုဝတ်ရမလဲဆိုတာကို ပြောပြပါတယ် လို့ဆိုကြပါတယ်။
သစ်တောပြုန်းတီးခြင်း (Deforestation)
နောက်ထပ်ရာသီဥတု ပြောင်းလဲခြင်း ခေါ် Climate Change မှာ ပါဝင်တဲ့အရေးကြီးတဲ့ ဇာတ်ကောင် ကတော့ သစ်တောပြုန်းတီးခြင်းလို့ခေါ်တဲ့ Deforestation ပဲဖြစ်ပါတယ် ။ သစ်တောတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ Climate ကို ထိန်းသိမ်းပေးတဲ့နေရာမှာအင်မတန်အရေးပါကြောင်း အပေါ်က ကမ္ဘာကြီး၏အသက်ရှူသံ ဆိုတဲ့ ဆောင်းပါးမှာ ပြောခဲ့ပါတယ် ။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာရှိတဲ့ အမြဲစိမ်းသစ်တော တွေဟာ ကမ္ဘာ့ CO2 ပမာဏ ကိုထိန်းချုပ်ပေးကြောင်းဆိုခဲ့ပါတယ် ။ သစ်တောတွေဟာ လေထုထဲက CO2 ပမာဏ ကို သေချာထိန်းပေးနိုင်ပါတယ် ။ အဲဒီထိန်းပေးတဲ့ သစ်ပင်တွေဟာ ကျွန်တော်တို့ ဝယ်စရာတောင်မလိုပါဘူး ။ သဘာဝတရားမှာ အဆင်သင့်အတိုင်း ရှိနေပြီးသားပါ ။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ၊ ဒီသစ်ပင်တွေကိုလည်း ကျွန်တော်တို့ဟာ အထိန်းအကွပ်မရှိ ခုတ်ပစ်နေပါတယ် ။ ခုန က လေးပူရှိခဲ့တာကနေ အခု နောက်တစ်ပူ ထပ်ဆင့်လို့ ငါးပူ တိတိရှိနေပါပြီ ။ NASA ရဲ့ ခန့်မှန်းချက်တွေအရ လက်ရှိ နှုန်းအတိုင်းသာ ဆက်ခုတ်နေမယ်ဆိုရင် ကမ္ဘာပေါ်မှာ အမြဲစိမ်းတောတွေဟာ နောက် နှစ် ၁၀၀ အတွင်းမှာ အကုန်ပျောက်ကွယ်ကုန်တော့မယ်လို့ ဆိုပါတယ်။ အဲဒီမှာပိုဆိုးတာနောက်တစ်ခုရှိပါသေးတယ်။ အပင်တွေဟာ သေဆုံးရင် ကာဗွန် ကိုထပ်မံပြီးလေထုထဲလွှင့်ထုတ်ပါတယ် ။ နှစ်စဉ် သစ်တောပြုန်းတီးမှုကြောင့်လေထဲကိုထွက်လာတဲ့ CO2 ပမာဏ ဟာ တန်ပေါင်း ဘီလီယံနဲ့ချီပြီးရှိပါတယ် လို့ ၂၀၁၀ ခုနှစ်ကလုပ်ခဲ့တဲ့ စစ်တမ်းတွေက ဆိုပါတယ်။ ။ ငါးပူပေါ် နောက်တစ်ပူထပ်ဆင့်လို့ ခြောက်ပူတိတိဖြစ်လာပါပြီ ။ တစ်ခြားသောသစ်တောပြုန်းတီးမှု ကြောင့်ဖြစ်တဲ့အကျိုးရလဒ်တွေကတော့ ရေကြီးခြင်း ၊သစ်တောကိုမှီခို နေထိုင်သော မျိုးစိတ်များ သေကြေပျက်စီးခြင်း ၊ မြေတိုက်စားခြင်း ၊ ရေသံသရာ (water cycle) ကိုထိခိုက်ခြင်း တို့ပဲဖြစ်ပါတယ် ။ ဥပမာတစ်ခုအနေနဲ့ ရေကြီးတာနဲ့ သစ်တောပြုန်းတီးတာရဲ့ ဆက်စပ်မှု ကို ကြည့်ကြရအောင်လား ။
ရေကြီးတာရဲ့အဓိက အကြောင်းအရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ် ။သစ်တောတွေဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီး ရဲ့ Climate ကို ထိန်းသိမ်းပေးတဲ့နေရာမှာ အင်မတန် အရေးပါတဲ့ အရာတွေဖြစ်ပါတယ် ။
အရင်ဆုံးရေဘာလို့ကြီးတာလဲဆိုတာကိုကြည့်ရအောင် ။ ရိုးရှင်းလှပါတယ် ။ ဇလုံတစ်ခုလိုပဲ မြစ်တစ်ခုဟာ သူ သယ်ဆောင် နိုင်တဲ့ ရေပမာဏ ထက်ကိုကျော်လွန်သွားရင် ရေကြီး ပါတယ် ။ ရေရဲ့ အရင်းအမြစ်ခွဲ ကနေပြီး မြစ်ဆီလာတဲ့အရှိန်မြင့်လေ ရေကြီးတာဟာ လဲ ပိုမြင့်လေပါပဲ ။ သစ်တောတွေဟာ ရေကြီးတာကို ကာကွယ်ပေးတဲ့အဓိက အရာတွေ ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။
(၁) အရွက်တွေဟာ မြေပြင်ပေါ်ကျရောက်သော မိုးရေ ပမာဏ ကို ထိန်းကွပ်ပေးပါတယ်။ အရွက်ပေါ်မှာတင်နေတဲ့ မိုးရေများဟာ အငွေ့ပျံပြီး လေထုသို့ ပြန်လည်တက်သွားပါတယ် ။
(Evapotranspiration) အရွက်တွေမရှိတော့တဲ့အခါ မြေပေါ်ကျတဲ့မိုးရေပမာဏ ဟာ များလာပြီး ရေမျက်နှာပြင်မြင့်တက်စေပါတယ်။ ပြီးတော့ အရွက်တွေဟာ မြေပြင်ပေါ်ကျရောက်တဲ့ မိုးရေ ရဲ့ အရှိန် နဲ့ပြင်းအား ကိုလျှော့ချပေးပါတယ်။ ညင်သာစွာကျရောက်တဲ့ မိုးရေက မြေတိုက်စားခြင်းကို အလွန်အကျွံမဖြစ်စေပါ ဘူူး ။
(၂) အမြစ်တွေဟာ မြေအောက်က ရေတွေကိုစုပ်ယူတဲ့အတွက် မြေကြီကို ခြောက်သွေ့စေပါတယ် ။ အစိုဓာတ်လွန်ကဲတဲ့မြေဟာ ပြိုပြီး တိုက်စားပြီး ကုန်းမျက်နှာပြင်ကို နိမ့်စေနိုင်ပါတယ် ။
(၃) တစ်ခုနဲ့ တစ်ခု ကပ်လျက်ရှိနေတဲ့ ပင်စည်တွေကတော့ တောင်ကျရေ သို့မဟုတ် အရှိန်နဲ့လာတဲ့ရေတွေကို အားပျော့ အောင်လုပ်ပေးပါတယ် ။ ဒါကြောင့် မြေတိုက်စားခြင်းကို ကာကွယ်ပေးသလိုဖြစ်နေပါတယ် ။
အောက်က ပုံနှစ်ပုံမှာ သစ်တောမပြုန်းခင်နဲ့ ပြုန်းတီးပြီးအခြေအနေနှစ်ခုကို နှိုင်းယှဉ်ပြထားပါတယ်။ မြေမျက်နှာပြင်နဲ့ ကုန်းမျက်နှာပြင် အမြင့်တွေကို သိရှိနိုင်ရန် ဘေးနားမှာ စကေး ထည့်ပေးထားပါတယ်။
သစ်တောပြုန်းတီးတာဟာ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ပြသနာပါ ။ ရေကြီးတာက သူ့ရဲ့နောက်ဆက်တွဲတွေထဲက တစ်ခုအပါအဝင်ပါ ။ တခြား ဆိုးကျိုးတွေအများကြီး ရှိပါသေးတယ်။ ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် Climate Change နဲ့ တင် ကျွန်တော်တို့ လူသားမျိုးနွယ် ဒီရာစု အကုန်ထိ ခံမခံ မသေချာပါဘူး ။ ခုတင်ဖြစ်နေတဲ့ လူတွေလုပ်တဲ့ သဘာဝဘေးတွေ က မျက်မြင် ကိုယ်တွေ့ ပါ ။ သဘာဝတရားကို ကျွန်တော်တို့ ဖျက်ဆီး ရင် ကျွန်တော်တို့ ပြန်ခံရမှာပါ ။ ခံရပြီးလို့ လူသားမျိုးနွယ် မျိုးတုန်းပြီး ရင် သဘာဝတရားဟာ ပုံမှန်ဆက်သွားနေမှာပါ ။ သဘာဝတရားဟာ ကျွန်တေ်ာတို့ မရှိလို့ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဟာ သဘာဝတရားမရှိလို့ မဖြစ်ပါဘူး ။
ဒီသေမင်းလက်ကလွတ်နိုင်ပါဦးမလား?
စာဖတ်သူအခုလောက်ဆိုရင် Climate Change ခေါ် ရာသီဥတု ပြောင်းလဲခြင်းရဲ့ အန္တရာယ်ကိုရိပ်မိလောက်ပြီလို့ယူဆပါတယ် ။ ဒီအချိန်မှာ ကျွန်တော်တို့ ဟာ လူသားသဘာဝ လွတ်မြောက်ရာလမ်းကို ရှာဖွေကြတော့မှာအမှန်ပါ ။ တခြားဂြိုဟ်ကိုပြောင်းရွှေ့နေထိုင်ကြမလား? အနီးဆုံးကြယ် Alpha Centauri တောင်မှ အလင်းနှစ် ၄.၂၂ (မိုင်ပေါင်း ၉၃ သန်း) ကွာဝေးပါတယ် ။ အလင်းအလျှင်နဲ့ သွားရင် ၄.၂၂ နှစ်ပေါင်းကြာပါလိမ့်မယ် ။ အဲဒီတော့ ဒါကိုတော့ မစဉ်းစားပါနဲ့ ။ Carl Sagan ပြောခဲ့သလိုပဲ ကမ္ဘာမြေကြီးဟာ ကျွန်တေ်ာတို့ အတွက်လက်ရှိအချိန်မှာ တစ်ခုတည်းသော အခြေချနေထိုင်စရာနေရာပါ ။ အဲ့ဒီတော့ ဒီကမ္ဘာဂြိုဟ်လေးကို ပဲ ကျွန်တော်တို့ အတွက် အဆင်ပြေအောင်ထားရမှာပါ ။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ ဟာ ရုပ်ကြွင်းလောင်စာတွေ (Fossil Fuels) အတွေအသုံးကိုလျှော့ချပြီး အစားထိုးစွမ်းအင် တစ်ခုခုရှာဖွေဖို့လိုပါတယ် ။ နေကလာတဲ့ တစ်နာရီ စာ စွမ်းအင် ပမာဏ ဟာ ကျွန်တော်တို့ တစ်ကမ္ဘာလုံး ကို တစ်နှစ်တိတိ သုံးလို့ရလောက်အောင်ကို လုံလောက်ပါတယ် ။ အပင်တွေမှာ သိုလှောင်ထားတဲ့ စွမ်းအင်တွေဟာ ကျွန်တော်တို့ လူသားအဖွဲ့အစည်း သမိုင်းတစ်ခုလုံး အသုံးပြုခဲ့တဲ့ စွမ်းအင်ထက်ခြောက်ဆ ပိုပါတယ် ။ ဒါတွေကို ကျွန်တော်တို့ ထုတ်ယူနိုင်အောင်လို့ ကြိုးစာရပါ့မယ် ။ ဒါပေမဲ့ ခက်ခဲတာ က စီးပွားရေးအရ ကော ၊ နည်းပညာအရပါ ဒါတွေကို သေချာတွင်ကျယ်နိုင်အောင် လုပ်ဖို့ မလွယ်သေးပါဘူး ။ Global Level နဲ့ ပြောင်းလဲမှ ရမယ့် ကိစ္စ တွေပါ ။ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီး ရဲ့ စွန့်စားမှုတွေလိုအပ်ပါတယ် ။ ဒီနေ့ထိလဲ U.S. မှာ သိပ္ပံပညာရှင်တွေနဲ့စီးပွားရေးသမားတွေ ထိပ်တိုက် Climate Change အကြောင်းကို ငြင်းခုံနေကြတုန်းပါ ။ Climate Change ဆိုတာမရှိပါဘူးဆိုပြီး မျက်လုံးပိတ်ငြင်းတဲ့ Climate Deniers တွေတောင်ရှိပါတယ်ဆို စာဖတ်သူအံ့သြသွားမလား ? အဓိက ကတော့ ခုလက်ရှိ ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ စွမ်းအင်သုံးစနစ်ကို မထိခိုက်တဲ့ စွမ်းအင်သုံးစနစ် တစ်ခု အဖြစ်ပြောင်းလဲပစ်ဖို့လို ပါတယ် ။ အဲ့လိုလုပ်ဖို့ ကျွန်တော်တို့ လူသားတွေအကုန်လုံး ဟာ သတ္တိရှိဖို့ လိုပါတယ် ။ လုပ်ရဲဖို့လိုပါတယ် ။ (နောက် Issue တွေမှာ Renewable Energy တွေအကြောင်းနဲ့ အောင်မြင်မှုတွေ ၊ သမိုင်းတွေကို ကျွန်တော်ဆောင်းပါးရှည်တွေနဲ့ ထပ်ရေးပါဦးမယ်။) ခက်တာက ကျွန်တော်တို့ လူသားတွေကလည်း စီးပွားရေး စစ်ရေးတွေကို သာ အာရုံထားတာများနေကြပါတယ် ။ Climate Change ကို သိပ်ပြီး အရေးတကြီးယူတာ တွေ ဟာ လိုအပ်သလောက်မရှိဘူးဖြစ်နေပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့ထက် ကို အကုန်လုံးကို သတ်မယ့် အန္တရာယ်ကြီးတစ်ခုကို လက်တွဲ ရင်ဆိုင်ဖို့က ပိုအရေးကြီးပါတယ်။
အရမ်းကြီးမနောက်ကျသေးပါဘူး ။ တိုက်ခိုက်ဖို့တန်တဲ့ အနာဂတ် တစ်ခု ကျွန်တော်တို့ ကို စောင့်မျှော်နေပါသေးတယ် ။ ကျွန်တော်တို့ ဟာ ပြန်ပြင်လို့မရတဲ့ ၊ ခန့်မှန်းမရတဲ့ ရာသီဥတု အခြေအနေထဲကိုမကျရောက်သေးပါဘူး ။ ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ ရပ်တည်နေတာဟာ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့်ပါ ။ သူတို့ဟာ အသက်ရှင်ရပ်တည်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ ဒီနေရာမှာရှိနေတာပါ ။ ကျွန်တော်တို့ Homo Sapiens မျိုးစိတ်ဟာ ပတ်ဝန်းကျင်နဲ့ ဆီလျော်အောင်အနေနိုင်ဆုံးသော မျိုးစိတ်တစ်ခုပါ ။ ကျွန်တော်တို့ ဘိုးဘေး တွေဟာ ရေရှည်အတွက်ကိုတွေးတော ပြီး ကျွန်တော်တို့ ဒီနေ့ အခြေအနေကို မျိုးစေ့ချပေးခဲ့ပါတယ် ။ ကျွန်တော်တို့ မျိုးစိတ်ဟာ အသက်ရှင်နေထိုင်ရေးအတွက် အခြေအနေဆိုးတွေကိုဖြတ်ကျော်ခဲ့ဖူးပါတယ် ။ ဒီသေမင်း Climate Change ဟာ ဘာမို့လို့ ကျွန်တော်တို့ မဖြတ်ကျော်နိုင်ရမှာလဲ? တကယ်ဆိုရင် (Dr. Tyson စကားနဲ့ပြောရမယ်ဆိုရင်) ဒဏ္ဍာရီ လို့တောင်ထင်ရ ကျွန်တော်တို့ ရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှုတွေ ဟာ အမှောင်မိုက်ဆုံးသော အခြေအနေတွေကနေပဲထွက်ပေါ်လာခဲ့တာပဲ မဟုတ်ဘူးလား?
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁,၀၀၀ ခန့် က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ ရဲ့ ဘိုးဘေးဘီဘင် တွေဟာ Climate Change တစ်ခုပေါ်မူတည်ပြီး အကျိုးရလဒ်တွေယူခဲ့ပါတယ် ။ Ice age (ရေခဲခေတ် - နောက်ဆုံးသော Glacial Period) ကနေပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့အခါမှာ သူတို့ ဟာ စိုက်ပျိုးရေး နည်းပညာ ကို တီထွင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ၊ သာမက သန်းပေါင်းများစွာအရိုးစွဲနေတဲ့ ၊ သူတို့ ဘိုးဘေးတွေလုပ်ဆောင်ခဲ့တဲ့ ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာ အမဲလိုက်ခြင်းတွေကို စွန့်လွှတ်ပြီး စနစ်တကျ အခြေတကျ နေထိုင်ပြီး စိုက်ပျိုးရေးလုပ်၊အစားအစာထုတ်လုပ်တဲ့ ဘဝကို စတင်ခဲ့ပါတယ် ။ ခြေသလုံးအိမ်တိုင် ယဉ်ကျေးမှု (Nomadic Culture) ကနေပြီးတော့ စိုက်ပျိုးရေး လုပ် ၊ အစားအစာထုတ်လုပ်တဲ့ ယဉ်ကျေးမှု ကို ပြောင်းလဲခဲ့တာ ဟာ Civilization မြောက်များစွာ ကို ဖြစ်ထွန်းစေခဲ့ရုံသာမက ကျွန်တော်တို့ ယခုခေတ် Civilization ကြီးရဲ့ အခြေခံအုတ်မြစ်ပါပဲ ။ ကျွန်တော်တို့ဟာ အဲလိုကြိုးစားပေးခဲ့တဲ့ ဘိုးဘွားတွေရဲ့ ပုခုံးပေါ်ရပ်တည်ပြီး နေထိုင်နေကြရတာပါ ။ အခု အချိန်မှာတော့ ကျွန်တော်တို့ ဟာ နောင်လာနောက်သားတွေအတွက် ပုခုံးချခင်းပေးရမယ့် အလှည့်ကိုရောက်ခဲ့ပါပြီ။
နိဂုံး
သဘာဝတရားကို ကျွန်တော်တို့လိုအပ်ပါတယ် ။ ကျွန်တော်တို့ ကို သဘာဝတရား က မလိုအပ်ပါဘူး ။ ကျွန်တော်တို့ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီးတစ်ချိန်ကျရင် သဘာဝတရား ဟာ ပြန်လည်ကောင်းမွန်လာမှာပါပဲ ။ ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့ ယှဉ်ရင် ကျွန်တော်တို့ မျိုးနွယ်စုသက်တမ်းဟာ ဘာမှမပြောပလောက်ပါဘူး ။ ကမ္ဘာကြီးကို ကျွန်တေ်ာတို့ ဟာ ဖျက်ဆီးနေကြတယ်ဆိုတာ ကျွန်တေ်ာတို့ ကိုယ့်ဘာသာကိုယ် သတ်သေနေတာနဲ့ တူတူ ပါပဲ ။ ကမ္ဘာကြီးက အခု ခဏပျက်စီးသွားလိမ့်မယ် ။ ဒါပေမဲ့ တစ်ချိန်ကျရင် ပြန်ကောင်းမွန်သွားမှာပဲ ။ သတ္တဝါတွေထဲက နောက်ထပ်ကျွန်တော်တို့ နေရာကို ယူလာမယ့် ဉာဏ်ရည်မြင့် သတ္တဝါမျိုးစိတ်တစ်ခုက နေရာယူသွားလိမ့်မယ် ။ ကျွန်တော်တို့ ကိုတော့ သူတို့က ခုချိန်မှာ ကျွန်တော်တို့ ဒိုင်နိုဆောတွေကိုလေ့လာတဲ့ သဘောမျိုးနဲ့ လေ့လာကြမှာပေါ့ ။ ဒိုင်နိုဆောတွေဟာ သူတို့ပေါ်ကျရောက်တဲ့အန္တရာယ်ကို ကာကွယ်နိုင်စွမ်းမရှိပါဘူး ။ အဲ့ဒီ ဥက္ကာခဲကို ဒိုင်နိုဆော တွေ ဟာ သိတောင်မသိခဲ့ပါဘူး ။ ရှေးခေတ်က ပျက်သုဉ်းသွားပီဖြစ်တဲ့ Civilization ကလူတွေကလည်း သူတို့ ဘာဖြစ်မှန်းတောင်သိခဲ့တာမဟုတ်ပါဘူး ။ အဲ့ဒါကြောင့်ပျက်သုဉ်းရတာပါ ။ ကျွန်တော်တို့ ရဲ့ Excuse ကဘာများပါလိမ့် ? ပြသနာကိုလည်း သိတယ်၊ ဖြေရှင်းရမယ့် နည်းလမ်းကိုလဲ သိလျက်နဲ့ မလုပ်ကြဘူးဆိုရင် ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကို ဉာဏ်ရည်မြင့် သတ္တဝါမျိုးစိတ်လို့ခေါ်ထိုက်ပါ့မလား? ကျွန်တော်တို့ လူသားတွေရဲ့ အသိဉာဏ် ဟာ ကျွန်တော်တို့ ကို ကမ္ဘာရဲ့အင်အားအကြီးဆုံး သတ္တဝါတွေဖြစ်စေခဲ့တယ်ဆိုရင် ဒီအသိဉာဏ်နဲ့ ပဲ ကျရောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်ရမှာပါ ။ ကျားမ တစ်ကောင်ဟာ သူ့ခွန်အားကိုအသုံးပြုပြီး သူ့မျိုးစိတ်ပြန့်ပွားရေးအတွက်ကာကွယ်သလို မျိုး ကျွန်တေ်ာတို့ ဟာ လည်း အသိဉာဏ်ကိုအသုံးပြုပြီး ကျွန်တော်တို့ လူသားမျိုးနွယ်ဆက်လက်ပြန့်ပွားရေး ကို လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဟာ ဘိုးဘေးဘီဘင်တွေရဲ့ ကြိုးစားမှု တွေ ၊ အရဲစွန့်ခဲ့မှုတွေ ပေါ်မှာ ရပ်တည်ပြီး ဒီနေ့အခြေအနေကို ရောက်လာကြတာဖြစ်ပါတယ် ။ အခု နောက် မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ ပုခုံး ကို ချခင်း ပေးရမဲ့အလှည့်ကိုရောက်ခဲ့ပါပြီ ။ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ဘိုးဘေးတွေလို ရဲရင့်နိုင်ဦးမှာလား? ပုခုံးကိုချခင်းပေးရဲမှာလား ?? ဒါမှမဟုတ် ပဲ ဆက်လက်ပြီး တစ်ကိုယ်ရည်အတွက် အတ္တကြီးနေကြဦးမှာလား?

~ TZH
References:
• Matloff, Greg, C. Bangs, and Les Jhonson. Harvesting Space for a Greener Earth. 2nd ed. Springer, 2014. Print.
• MacFarlane, S., & Druyan, A. (2014, March 9). Cosmos: A Spacetime Odyssey [Documentry].
• Lynas, Mark. Six Degrees: Our Future on a Hotter Planet. Washington, D.C.: National Geographic, 2008. Print.
• Klein, Naomi. This Changes Everything: Capitalism vs. the Climate. Print.
• Sagan, Carl. Cosmos. New York: Random House, 1980. Print.
#Credit
https://www.bot.or.th/Thai/PublishingImages/share/climate_change.jpghttps://bmkltsly13vb.compat.objectstorage.ap-mumbai-1.oraclecloud.com/cdn.ft.lk/assets/uploads/image_e60f5e79fc.jpg

လူ့အဖွဲ့ အစည်း ကို အပြတ်ဖြုတ်မည့်သေမင်းတမန် (သို့) Climate Change (Part 2)

  မိုးလေဝသ နှင့် ရာသီဥတု (Weather and Climate) ဒီမှာတစ်ခုမေးစရာရှိပါတယ် ။ ဒီလောက်တောင် ရာသီဥတု ပြောင်းလဲတာတွေပြော ၊ တွက်ချက်တာတော်နေတဲ့ သိ...